ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးနှင့် မြို့သစ်ရပ်ကွက် ရေးဘေးကယ်ဆယ်ရေးစခန်းသို့ ပြည်ထောင်စုဝန်ကြီးသွားရောက်

ပဲခူး၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးနှင့် မြို့သစ်ရပ်ကွက်ရှိ ပဲခူးမြို့အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း အမှတ် (၂) တို့သို့ ယနေ့၊ နံနက်ပိုင်းတွင် သွားရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ နှီးနွယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးတွင် ဇူလိုင်လနှောင်းပိုင်းမှစတင်၍ ဖြစ်ပွားခဲ့သော ရေကြီးခြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ လက်ရှိအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်ရှိသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက

 

     ပဲခူးတိုင်းဒေသကြီးရှိ ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ တောင်ငူမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်၊ ကဝမြို့နယ် တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၈၁)ခုဖွင့်လှစ်ထားရှိ ကြောင်း၊ ယခုအခါရေးဘေးသင့်ဒေသများတွင် ရေများစတင်ကျဆင်းလျက်ရှိသော်လည်း သြဂုတ်လအတွင်း နောက်တစ်ကြိမ်ထပ်မံ ရေကြီးလာတတ်၍ ပြင်ဆင်ဆောင်ရွက်မှုများ ထားရှိရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကူအညီများဆက်လက်ပေးအပ်စေလိုပါကြောင်း၊ ရေဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီ ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းကာ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အနေဖြင့် ရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ် လျက်ရှိကြောင်း၊ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ဝန်ကြီးဌာန အနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ အပါအဝင် လိုအပ်သည်များကို ပေးပို့ဖြည့်ဆည်းပေးခဲ့ပြီး ထပ်မံ လိုအပ်သည်များကိုလည်း အချိန်နှင့်တစ်ပြေးညီပေးပို့ဖြည်းဆည်းပေးလျက်ရှိကြောင်း၊ ယခုအခါ ပဲခူးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် အတွက် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုတွင် ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများမှ ကောင်းမွန်သော အချက်များကို စုစည်းနမူနာယူ၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် လည်းပြန်လည် အသုံးချ လုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဦးစားပေး အထူးအလေးထားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မြို့သစ်ရပ်ကွက်တွင်ဖွင့်လှစ်ထားသော ရေးဘေးကယ်ဆယ်ရေးစခန်းအမှတ် (၂)သို့သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

 

   ဝန်ကြီးဌာနသည် ရေးဘေးကယ်ဆယ်ရေးစခန်းအမှတ် (၂)အပါအဝင် ရေးဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိပြီး ယာယီဆေးခန်းများ၊ ရွေ့လျားဆေးခန်းများဖြင့် ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ခြင်း၊ အစားအသောက်၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပိုးမွား နှိမ်နင်းခြင်းလုပ်ငန်းများ၊ သွားကျန်းမာရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခြင်း၊ အာဟာရဆန်းစစ်ဖြည့်တင်းခြင်း၊ တိုင်းရင်းဆေးပညာဖြင့် ကုသစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ လိုအပ်ပါက ဆေးရုံသို့လွှဲပြောင်းကုသမှုပေးခြင်း စသည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိ ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပကတိလက်တွေ့မြေပြင် အခြေအနေတွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုနိုင်ရန်နှင့် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်အတွက် ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာနနှင့် လူနာဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံပွဲတွင် ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ဆေးရုံကြီးတွင် လူနာများအားလက်ခံကုသပေးနေမှုအခြေအနေများ၊ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးနှင့် ဒါယိကာ၊ ဒါယိကာမများ လှူဒါန်းသော ဆေးရုံ (၄)ထပ်ဆောင် ဆောက်လုပ်လျက်ရှိခြင်းနှင့် ပြုပြင်မွမ်းမံရန် လိုအပ်သော အဆောက်အဦများ၏ အခြေအနေများ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ဆေးပစ္စည်းကိရိယာလိုအပ်ချက်များနှင့် အထွေထွေကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးကိုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ပါသည်။

https://www.mrtvmyanmar.com/mm/news-18742

 
 

More Tags