နဝမအကြိမ် တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

မန္တလေး၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် ကျင်းပခဲ့သည့် နဝမအကြိမ် တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲ (The 9th Traditional Medicine Research Congress) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ လိုက်နာစောင့်ထိန်းရမည့် “နဝရတ် ကတိသစ္စာ” ကို တက်ရောက်လာကြသူများက ပြိုင်တူရွတ်ဆို၍ အခမ်းအနားကို စတင်ခဲ့ပါသည်။

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• တိုင်းရင်းဆေးပညာရပ် တစ်ခုလုံး ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် သုတေသန လုပ်ငန်းများသည် မရှိမဖြစ် အဓိကအရေးကြီးပါကြောင်း၊

• တိုင်းရင်းဆေးပညာရပ်နှင့် ပတ်သက်၍ ကုသမှု၊ သင်ကြားမှု၊ ဆေးဘက် ဝင်ပစ္စည်းများနှင့် အပင်များစိုက်ပျိုးထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ ပြည်သူများ၏ တိုင်းရင်းဆေးပညာအပေါ် သဘောထားအမြင်စသည့် ကဏ္ဍပေါင်းစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသန လုပ်ငန်းများ ပိုမို အားဖြည့်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊

• ဆေးစွမ်းရှိ ထက်မြက်သော ဘယဆေးပင်များ ပိုမိုစိုက်ပျိုး၊ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သုတေသနများကိုလည်း စိုက်ပျိုးရေးပညာရှင်များ၊ သစ်တောပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ သုတေသနပညာရှင်များနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးဝါးများ၏ ဆေးစွမ်းရှိထက်မြက်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေး ပြည့်ဝမှုဆိုင်ရာ များကို သုတေသနများပြုလုပ် သက်သေပြခြင်းဖြင့် တိုင်းရင်းဆေးဝါးများကို ပြည်သူများ ပိုမိုယုံကြည်လက်ခံသုံးစွဲလာမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးသုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်တွင် သုတေသနဌာနခွဲတစ်ခုဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ဆေးသုတေ သနဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းဆေးတက္ကသိုလ်သုတေသနဆိုင်ရာ ကျင့်ဝတ်ကော်မတီ ဖွဲ့စည်းနိုင်ရန်တို့ကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဆောင်ရွက်ထားရှိခဲ့သော တိုင်းရင်းဆေးသုတေသနများမှ ရလဒ်များကိုလည်း လုပ်ငန်းများဆောင်ရွက်ရာတွင် လက်တွေ့အသုံးချခြင်းနှင့် ယခင်ဆောင်ရွက်ခဲ့သည့် သုတေသနကို အခြေခံ၍ နောက်အဆင့် သုတေသနများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊

• ယခင်ဆောင်ရွက်ထားရှိခဲ့သော တိုင်းရင်းဆေးသုတေသနများ၏ ခေါင်းစဉ်၊ အကြောင်းအရာ၊ ရည်ရွယ်ချက်နှင့် ရလဒ်များကို သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တိုင်းရင်းဆေးသုတေသန ဆိုင်ရာ အချက်အလက်ဘဏ် အသွင်ထားရှိခြင်းဖြင့် သုတေသနဆောင်ရွက်သူများအနေဖြင့် အခြေခံအချက်များရရှိကာ သုတေသနအကြောင်းအရာတစ်ခုတည်းကို ထပ်တလဲလဲပြုလုပ်မှုမှ ရှောင်ကြဉ်နိုင်ခြင်း၊ လိုအပ်လျက်ရှိသည့် သုတေသနများ ပြုလုပ်နိုင်ခြင်း တို့ကိုဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊

• သုတေသနများပြုလုပ်ခြင်းဖြင့် မိမိတို့နိုင်ငံတွင် သုတေသနပြုလုပ်သော ယဉ်ကျေးမှုထွန်းကားစေကာ ပညာရပ်နယ်ပယ်အသီးသီးတွင် ယခုထက်ပိုမို တိုးတက်စေမည် ဖြစ်ပြီး သုတေသနဆောင်ရွက်သူ တစ်ဦးချင်းတွင်လည်း ဖြစ်စဉ်အခြေအနေတစ်ရပ်၊ လုပ်ငန်းတစ်ခုကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်နိုင်သည့် ဆန်းသစ်တီထွင် တွေးခေါ်ခြင်းနှင့် ဖောက်ထွက်တွေးခေါ်ခြင်း စွမ်းရည်များရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးသုတေသနများကို ပိုမိုစနစ်ကျ၍ ကျယ်ပြန့်စွာလုပ်ဆောင်နိုင်စွမ်းရည် တိုးတက်စေရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းများတွင် သုတေသနဆိုင်ရာများကို ပိုမိုအလေးပေး ထည့်သွင်းသင်ကြားခြင်းကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• သုတေသနဆိုင်ရာ တင်ပြမှု၊ ဆန်းစစ်သုံးသပ်လေ့လာမှု၊ စီမံခန်ခွဲမှု၊ နည်းစနစ်နှင့် ကျင့်ဝတ် စသည်ဖြင့် စွမ်းဆောင်ရည်မြှင့် certificate သင်တန်းများကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် ပြုလုပ်လျက်ရှိရာ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးသုတေသနဆောင်ရွက် သူများ တက်ရောက်နိုင်ပါကြောင်း၊

 

• တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် လုပ်ဆောင်နေသော တိုင်းရင်းဆေးဆိုင်ရာသုတေသနများကိုလည်း မျက်ခြေမပြတ်ကြည့်ရှု လေ့လာ၍ မိမိနိုင်ငံ၊ မိမိကိုယ်ပိုင်တိုင်းရင်းဆေးပညာရပ်နှင့် ကိုက်ညီသည့် ပိုမိုကောင်းမွန် သော သုတေသနများ ပြုလုပ်ရန် အကြံဉာဏ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ပြည်တွင်းသာမက နိုင်ငံတကာမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဆေးဝါးလုပ်ငန်းများနှင့် ချိတ်ဆက် နားလည်မှုစာချွန်လွှာများရေးထိုး၍ multi-centric research သုတေသနများ ပြုလုပ်သွားစေလိုပါကြောင်း၊

• နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနမှ သုတေသနရန်ပုံငွေ အတွက် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် သန်း (၁၀ဝ၀)ကျပ်၊ (၂၀၁၈-၂၀၁၉) (၆ လ) ဘဏ္ဍာနှစ်တွင် သန်း (၅၀ဝ)ကျပ်၊ (၂၀၁၈-၂၀၁၉) ယခု ဘဏ္ဍာနှစ်တွင် သန်း (၁၅၀ဝ)ကျပ် လျာထား အကောင်အထည်ဖော်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် သန်း (၃၀ဝ၀) ကျပ်အထိလျာထား၍ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ သုတေသနဆောင်ရွက်လိုသူများ အနေဖြင့် သုတေသနအဆိုပြုလွှာများတင်ပြ လျှောက်ထားနိုင် ပါကြောင်း၊

• တိုင်းရင်းဆေးတက္ကသိုလ်ကြီး ယခုထက်ပိုမိုကောင်းမွန် တိုးတက်စေရန်အတွက်လည်း သင်ကြားသင်ယူမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုကို အထောက်အကူပြုသော ပတ်ဝန်းကျင်၊ ဆရာ/မများ၏ စွမ်းဆောင်ရည်၊ စာသင်ခန်း၊ ပစ္စည်းကိရိယာ၊ စာကြည့်တိုက် (E-Llibrary)၊ စာအုပ်စာတန်း စသည်ဖြင့် အဘက်ဘက်အား အဖွဲ့ဖြင့် ခြုံငုံဆန်းစစ်သုံးသပ်မှုများပြုလုပ်လျက်ရှိပြီး လိုအပ်ချက် နှင့် အားနည်းချက်ရှိသည်များကို ဝန်ကြီးဌာနမှ ဦးစားပေးအလိုက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေး ပညာရှင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ပညာရှင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများကလည်း တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေး တက္ကသိုလ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊

• ယခု တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲတွင် တိုင်းရင်းဆေး၊ ပြည်သူ့ကျန်းမာ၊ ဆေးသုတေသန၊ ရုက္ခဗေဒ၊ ဆေးဝါးစသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ထားသော သုတေသနများ ပါဝင်သည်ကိုတွေ့ရှိရပြီး သုတေသနများသည် အရည်အသွေးပြည့်ဝ ကောင်းမွန်သည်ကိုတွေ့ရှိရပါကြောင်း၊ အဆိုပါသုတေသနစာတမ်းများနှင့် ပိုစတာများကို ဆုရွေးချယ်ရေးအဖွဲ့မှ ပထမ၊ ဒုတိယနှင့် တတိယဆုများ သတ်မှတ်၍ ဆုကြေးငွေနှင့် ဂုဏ်ပြုလက်မှတ်များလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊

• စာတမ်းများ ဖတ်ကြားတင်ပြကြရာတွင်လည်း မေးမြန်းဆွေးနွေးရန် အချိန်သတ်မှတ်ထားရှိ စေလိုပါကြောင်း၊

• နောင်ကျင်းပမည့် စာတမ်းဖတ်ပွဲများသို့ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ တိုင်းရင်းဆေးပညာရှင်များကိုလည်းဖိတ်ကြားစေလိုပါကြောင်း၊

• တိုင်းရင်းဆေးတက္ကသိုလ်တွင် ယခုကဲ့သို့ စာတမ်းဖတ်ပွဲများမှ သုတေသနစာတမ်းများကို ဆွေးနွေးသုံးသပ်ခြင်းနှင့် နေ့လယ်စာ စားချိန်တွင် ဆွေးနွေးပွဲများ ပိုမိုပြုလုပ်သွားစေလို ပါကြောင်း၊

• ဆက်လက်၍လည်း ပညာရပ်၊ ဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် သုတေသနများ လုပ်ဆောင်သွားကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက နဝမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ခင်းကျင်းပြသ ထားသော တိုင်းရင်းဆေးသုတေသန ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း တို့နှင့်အတူ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာဦးမိတ်နှင့် အဖွဲ့ဝင်များကို တွေ့ဆုံ၍ တိုင်းရင်းဆေးပညာရပ် ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်း (၃၉)ခု နှင့် သုတေသနပိုစတာ (၁၁)ခု တို့ပါဝင် ခင်းကျင်းပြသ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ် (ဆေးဝါးတက္ကသိုလ်၊ မန္တလေး) ပါမောက္ခ ဒေါက်တာသိန်းမေစော၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေး ပညာရှင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တိုင်းရင်းဆေး ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သုတေသနစာတမ်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

More Tags