နေပြည်တော်ရှိဝန်ထမ်းများ အားကစားလေ့ကျင့်အသုံးပြုရန်အတွက် GYM Fitness Centre ခန်းမပြင်ဆင်ထားရှိမှု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် တစိုက်မတ်မတ် ရည်ရွယ်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ပြည်သူများ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရမည်ဟူသော အသိရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ခေါင်းစဉ် Exercise is Medicine ဆောင်ပုဒ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဒေသခံအစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

     သို့ဖြစ်ပါ၍ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားလေ့ကျင့်ခန်းများ အားလပ်ချိန်တွင် ပြုလုပ်နိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ရေကူးအားကစားပြုလုပ်စေခြင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်း စက်ဘီးများအား အခမဲ့ စီးနင်းစေခြင်း၊ အားကစားဝန်းအတွင်း လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် Outdoor Fitness ကိရိယာများထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိသည့်အပြင် ယခုအခါ ဝန်ထမ်းများ အားလပ်ချိန် GYM ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် GYM Fitness Centre ကို ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ GYM Fitness Centre ခန်းမသို့ လေ့ကျင့်ခန်း စက်ကိရိယာများ ပြင်ဆင်ထားရှိမှု အခြေအနေ၊ နည်းပြလေ့ကျင့်ကို အကူသင် ကြားပြသရန် ပြင်ဆင်ထားရှိမှု၊ အဝတ်အစားလဲလှယ်ခန်း ထားရှိမှုအခြေအနေတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံရှင်းလင်းပြသပြီး အားကစားပစ္စည်း စက်ကိရိယာများ ကိုင်တွယ်လေ့ကျင့်ရန်အတွက် အားကစားနည်းအလိုက် နည်းပြများမှ စက်ကိရိယာများ ကိုင်တွယ်အသုံးပြုပုံကို သရုပ်ပြသခဲ့ကြ ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက GYM Fitness Centre တွင် လေဝင်လေထွက်စနစ် ကောင်းမွန်မှု ရရှိစေရန်၊ စက်ကိရိယာများကို ဝန်ထမ်းများ ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူမှုရှိစေရန်၊ စက်ကိရိယာ များပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ဝန်ထမ်းများ လွယ်လင့်တကူ လာရောက်လေ့ကျင့်ခန်းပြုလုပ်နိုင်ရန်၊ ဝန်ထမ်းများ လေ့ကျင့်ရာတွင် အားကစားနည်းအလိုက် လိုသလို အသုံးပြုနိုင်ရန်၊ လေ့ကျင့်ခွင့်ကဒ်အား စနစ်တကျ မှတ်ပုံတင်ပြီးမှ အခမဲ့လေ့ကျင့်နိုင်စေရန်၊ လေ့ကျင့်ချိန်အား မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြုလုပ်ပြီး လေ့ကျင့်ခွင့်ပေးရန်၊ လာရောက်လေ့ကျင့်သော ဝန်ထမ်းအင်အားပေါ် မူတည်၍ လေ့ကျင့်ချိန်ကို လိုသလို ပြုပြင်ပြောင်းလဲတိုးချဲ့နိုင်ရန်အတွက် နေ့စဉ် လာရောက်လေ့ကျင့်မှုအား မှတ်တမ်းတင်ထားရှိရန်၊ ဝန်ထမ်းများ အခမဲ့ လာရောက်လေ့ကျင့် နိုင်သည်ကို ဝန်ထမ်းများ သိရှိနိုင်စေရန်အတွက် အသိပေးကြေညာဆောင်ရွက်ရန်၊ လိုအပ်ပါက လေ့ကျင့်မှုအင်အားကို မူတည်၍ စက်ကိရိယာများ တပ်ဆင်တိုးချဲ့ ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် GYM လာရောက်လေ့ကျင့်သော ဝန်ထမ်းများ အပန်းဖြေစားသောက်နိုင်ရန်အတွက် တွဲလျက်ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     အဆိုပါ ပြည်ထောင်စုနယ်မြေရှိ ဝန်ထမ်းများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန် တည်ဆောက်ထားသော GYM Fitness Centre သည် အနံပေ (၆၀)၊ အလျားပေ(၁၂၀) ကျယ်ဝန်းသော အဆောက်အဦခန်းမဖြစ်ပြီး အားကစားခန်းမအတွင်း GYM လေ့ကျင့်ခန်း အသုံးပြုရာတွင် နှလုံးလည်ပတ်မှု အားကောင်းစေရန် စက်ကိရိယာအုပ်စု၊ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းမှုရှိစေရန် စက်ကိရိယာအုပ်စု၊ အခြား အားကစားနည်းအလိုက် စွယ်စုံရအသုံးပြုနိုင်သော စက်ကိရိယာအုပ်စုဟူ၍ ခွဲခြားထားရှိကြောင်း၊ စက်ကိရိယာပစ္စည်း (၂၆)မျိုးထားရှိပြီး စက်ကိရိယာပစ္စည်းတန်ဖိုး စုစုပေါင်း ခန့်မှန်းငွေ (၁၇၅၇) သိန်း၊ အဆောက်အဦတန်ဖိုး (၆၂၄၅) သိန်းခန့် ကုန်ကျခဲ့ကြောင်းနှင့် အောက်တိုဘာ (၁၆) ရက်နေ့မှစ၍ GYM Fitness Centre ခန်းမအား ဝန်ထမ်းများအနေဖြင့် စနစ်တကျ မှတ်ပုံတင်ဝင်ခွင့်ကဒ်ပြုလုပ်ပြီး အခမဲ့လာ ရောက်လေ့ကျင့်နိုင်ကြောင်း သိရှိရပါသည်။

More Tags