နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀)၊ ဆီးချိုရောဂါပညာပေးကုသဌာနှင့် အထူးကုပြင်ပလူနာဌာန (၂) ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၁၃)ရက်နေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀)၌ ကျင်းပပြုလုပ်ခဲ့သည့် ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)တို့အား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဆီးချိုရောဂါပညာပေးကုသဌာန(Diabetes Center of Excellence)များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုကဲ့သို့ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ဆီးချို ရောဂါပညာပေးကုသဌာန နှင့် အထူးကုပြင်ပလူနာဌာနတို့ ဖွင့်လှစ်နိုင်ရန် အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြသူများနှင့် ကူညီပံ့ပိုးခဲ့သူများ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ (၂၀၁၈)ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် မကူးစက်နိုင်သော ရောဂါဖြစ်ပွားသူ (၄၁)သန်းခန့်ရှိပြီး နိုင်ငံ၏ ကုန်ထုတ်စွမ်းအားအတွက် အရေးကြီးသည့် အသက် (၃၀)နှစ် မှ (၆၉)နှစ် အရွယ်လူများတွင် ဖြစ်ပွားမှုများကြောင်း၊

• စစ်တမ်းများအရ မြန်မာနိုင်ငံတွင်လည်း ဆေးရုံများရှိလူနာများ သေဆုံးမှု၏ (၆၈)ရာခိုင်နှုန်းခန့် သည် မကူးစက်နိုင်သောရောဂါများကြောင့်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

• ယခင်က HIV/ AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ ကဲ့သို့သော ကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှု များပြားခဲ့ပြီး ယခုအခါ မကူးစက်နိုင်သော ရောဂါများသည် ပြည်သူ့ကျန်းမာရေးပြဿနာ အသွင်ဖြင့် ဖြစ်ပွားလာပါကြောင်း၊

 

မကူးစက်နိုင်သော ရောဂါများဖြစ်ပွားပါက နောက်ဆက်တွဲအနေဖြင့် စီးပွားရေးနှင့် လူမှုရေးတွင်ပါ ဆိုးကျိုးများ ဖြစ်ပွားနိုင်ပြီး ရောဂါဖြစ်ပွားသူများ၏ မိသားစုအတွက်လည်း ဝန်ထုတ်ဝန်ပိုးများစွာ ရှိစေနိုင်ကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မကူးစက်နိုင်သော ရောဂါများတွင် အပါအဝင်ဖြစ်သော ဆီးချိုသွေးချို ရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ဆေးပညာဘာသာရပ် နယ်ပယ်မျိုးစုံမှ ဆေးပညာရှင်များက ဝိုင်းဝန်း ကုသမှုပေးရကြောင်း၊

မကူးစက်နိုင်သောရောဂါများကို ဖြစ်ပွားစေနိုင်သော အကြောင်းချင်းရာများအနက် ကိုယ်တိုင် ကာကွယ် ပြုပြင်လုပ်ဆောင်နိုင်သော အချက်များ (modifiable risk factors) ရှိကြောင်း၊

ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်စားသောက်မှု ပုံစံများကို လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊

ယခုကဲ့သို့ ဆီးချိုရောဂါပညာပေးကုသဌာနကို ဖွင့်လှစ်နိုင်ခြင်းဖြင့် ဆီးချိုရောဂါရှင်ဝေဒနာသည် ပြည်သူများအတွက် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီ ထိထိရောက်ရောက် ရရှိနိုင်မည် ဖြစ်ကြောင်း၊

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ဆေးရုံကြီးများတွင်လည်း ယခုကဲ့သို့ ဆီးချိုရောဂါပညာပေးကုသဌာန(Diabetes Center of Excellence)များ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊

ယနေ့ဖွင့်လှစ်သည့် ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာနတို့ကိုလည်း ယခုထက်ပိုမိုကောင်းမွန်တိုးတက်စေရန် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

 

     ထို့နောက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀)၊ ဆေးရုံအုပ်ကြီး ဒေါက်တာပပ နှင့် Novo Nordisk ကုမ္ပဏီမှ Cooperate Vice President Dr. Sebnam Avsar Tuna တို့က ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာနများဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားရာတွင် -

• မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယခုအချိန်တွင် အထူးလေးထားဆောင်ရွက်ခြင်းမရှိပါ နောင်လာမည့် (၅)နှစ် ခန့်တာကာလအတွင်းမှာပင် ကိုင်တွယ်ထိန်းချုပ်ရန် ခက်ခဲမည့် ပြည်သူ့ကျန်းမာရေးပြဿနာကြီးအသွင် ဖြစ်လာမည်ဖြစ်ကြောင်း၊

• ဆီးချိုရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများကို ကာကွယ်ထိန်းချုပ်ရာတွင် ဆေးပညာဘာသာရပ်မျိုးစုံမှ ပညာရှင်များက ကုသစောင့်ရှောက်မှုပေးရန်လိုအပ် သကဲ့သို့ ပြည်သူ့ကျန်းမာရေး မဟာဗျူဟာ၊ နည်းဗျူဟာများကို အဓိကထား အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ တိုက်နယ် နှင့် ကျေးလက် ကျန်းမာရေးဌာန (၁၇၇၅)ခု၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါကုသရေးဆေးခန်းများဖွင့်လှစ်၍ ပြည်သူများလက်လှမ်းမီစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊

• “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့် အညီ ပြည်သူများ ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်စေရန် အတွက် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခြင်းကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှလည်း ဆီးချိုရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါများဆိုင်ရာ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ပြုစုလျက်ရှိပြီး အဆိုပါ လက်ကမ်းစာစောင်များကို ဆေးရုံဆင်းလူနာများအား ပေးအပ် သွားမည်ဖြစ်ကြောင်း၊

 

• ဝန်ကြီးဌာနမှ Mobile Tablet များကို အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေပေးလျက်ရှိရာ အဆိုပါ Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေး အသိပညာပေးခြင်းများကို လုပ်ဆောင်နိုင်ရုံသာမက မကူးစက်နိုင်သော ရောဂါအပါအဝင် ရောဂါများဆိုင်ရာ စစ်တမ်းများကိုလည်း ကောက်ယူနိုင်ကြောင်း၊

• ထိုသို့ စစ်တမ်းများကောက်ယူနိုင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှု အခြေအနေများကို ပိုမိုတိကျစွာ သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊

• ဆေးရုံတက်လူနာများနှင့် လူနာစောင့်များအား ကျန်းမာရေးအသိပညာပေးရန်အတွက် ဆေးရုံများတွင် ကျန်းမာရေးအသိပညာပေးခန်းများကို ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ဝန်ကြီးဌာန၏ လုပ်ငန်းများကို အားလုံးစုပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် နိုင်ငံ သံအမတ်ကြီး H.E Mr. John Nielsen တို့က ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)တို့အားလှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဌ ဒေါက်တာစန်းစန်းမြင့်အောင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး၊ သားဖွားသင်တန်း ကျောင်း (နေပြည်တော်)မှ ကျောင်းအုပ်ကြီး၊ Novo Nordisk မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။

More Tags