နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းလူနာများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို အိမ်တိုင်ရာရောက် အခမဲ့ဆောင်ရွက်မည်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ မေလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ပြည်သူများ၏ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့၍ ဆေးရုံအခြေပြုကုသပေးခြင်း၊ ပြည်သူအတွင်း ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

     ယခုအခါ ဆေးရုံတွင်အခြေပြု၍ ဆေးကုသပေးနေခြင်းသာမက ဆေးရုံသို့ လာရောက်ကုသရန် ခက်ခဲမှုများရှိနေသော သက်ကြီးရွယ်အိုများ၊ အိုမင်းမသန်စွမ်းသူများအား အဆင်ပြေစွာ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ကုသမှုခံနိုင်ရေးကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းလူနာများ၏ သွားနှင့်ခံတွင်းကျန်းမာရေး အိမ်တိုင်ရာရောက်စောင့်ရှောက်မှုလုပ်ငန်း (Mobile Dental Care for Elderly and Disabled Patients) ကို အခမဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

     သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းလူနာများ၏ သွားနှင့်ခံတွင်းကျန်းမာရေး အိမ်တိုင်ရာရောက်စောင့်ရှောက်မှုကို လိုအပ်သူများအနေဖြင့် နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ (ဖုန်းနံပါတ် - ၀၆၇-၃၄၁၇၈၂၆) သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

More Tags