နိုင်ငံရပ်ခြားတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာရပ်များသွားရောက်သင်ယူမည့် ပညာတော်သင်များအား ပြည်ထောင်စုဝန်ကြီးမှ သြဝါဒလမ်းညွှန်စကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)ရှိ ဧည့်ခန်းမ၌ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် Medical Technology ပါရဂူဘွဲ့သင်တန်းတက်ရောက်မည့် ဒေါ်မြင့်မြင့်စိန် (လက်ထောက်ကထိက၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်)၊ Human Movement in Science ပါရဂူဘွဲ့သင်တန်းတက်ရောက်မည့် ဒေါ်စစ်ငြိမ်းဖြူ (ဆေးဘက်ကျွမ်းကျင် - ၂၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ရန်ကုန်)နှင့် Medical Technology မဟာဘွဲ့သင်တန်းတက်ရောက်မည့် ဒေါ်ပြည့်မွန်ကျော် (သရုပ်ပြ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ မန္တလေး) တို့ကိုလက်ခံတွေ့ဆုံ၍ သြဝါဒလမ်းညွှန် စကားပြောကြားခဲ့ပါသည်။

 


 

     ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် -

- ပညာတော်သင်များသည် နိုင်ငံကို ကိုယ်စားပြုသွားရောက်သူများဖြစ်သောကြောင့် နိုင်ငံတကာတွင် ဂုဏ်သိက္ခာနှင့်အညီ ပြုမူပြောဆိုနေထိုင်ကြစေလိုကြောင်း၊

- အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ သင်ယူခြင်း၊ ပြောဆိုဆက်ဆံခြင်းများပြုလုပ်ကြရမည်ဖြစ်သဖြင့် အင်္ဂလိပ်ဘာသာစကားကို ယခုထက်ပိုမိုကျွမ်းကျင်တတ်မြောက်စေရန် လေ့ကျင့်စေလိုကြောင်း၊

- သက်ဆိုင်ရာ ဘာသာရပ်သင်ကြားသင်ယူရာ၌လည်း နိုင်ငံတကာကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်ရေး ကြိုးစားသင်ယူကြစေလိုကြောင်း၊

 


 

- သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့စရိုက်ကို လေ့လာ၍ လေးစားရန်လိုပြီး အခြားကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဆက်ဆံရေးကောင်းမွန်စွာနေထိုင်ကြစေလိုကြောင်း၊

- ပညာတော်သင်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးကို သတင်းပေးပို့ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊

- ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တို့ကိုပြောကြားခဲ့ပါသည်။

 

More Tags