နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားပြုလုပ်

ဘားအံ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်

     မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်ခန်းမတွင် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊    တိုင်းရင်းသားအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်း Gavi၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် မိဘပြည်သူများ တက်ရောက်ကြပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာ စကားပြောကြားရာတွင် "ယခု ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို ကရင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်လုံးတွင် (၂၅-၁၀-၂၀၁၉) ရက်နေ့မှ (၂၉-၁၀-၂၀၁၉) ရက်နေ့အထိ (၅) ရက်ကြဆောင်ရွက်သွားမှာဖြစ်သည့်အတွက် မိဘပြည်သူများသာမက နှီးနွယ်ဆက်စပ်နေသော ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဝိုင်းဝန်း ကူညီပံ့ပိုးပေးစေလိုကြောင်း" ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် "ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး (၁၁)မျိုးဖြင့် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားဖြင့် (၉၀) ရာခိုင်နှုန်းအထက်ရှိသော်လည်း (၂၀၁၈)ခုနှစ်နှင့် (၂၀၁၉)ခုနှစ်များတွင် ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးသော လုပ်ငန်းလွှမ်းခြုံမှုနည်းပါးသော ဝေးလံခက်ခဲဒေသများနှင့် လုံခြုံရေးအရခက်ခဲသော နေရာဒေသများတွင် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ရွေ့လျားပျံကျအုပ်စုများစုဝေးရောက်ရှိ နေထိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သော ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်စသည်တို့၌ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဝက်သက်ရောဂါကပ်အသွင်မဖြစ်ပွားစေရန် တစ်နိုင်ငံလုံးရှိ အသက် (၉)လမှ(၅)နှစ်ခွဲအရွယ်ရှိသော ကလေးငယ်များကို ယခုလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့ အထိ (၅)ရက်ကြာ မြို့နယ် (၉၆)မြို့နယ်တွင်လည်းကောင်း၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့ အထိ ကျန်ရှိသော မြို့နယ် (၂၃၄) မြို့နယ်တွင်လည်းကောင်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊


 

     မြို့နယ် (၉၆)မြို့နယ်သည် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းခဲ့သော မြို့နယ်များဖြစ်သည့်အတွက် အဆိုပါမြို့နယ်များရှိ မွေးစမှ အသက် (၅) နှစ်ခွဲထိ ကလေး (၁.၂) သန်းကို ပိုလီယိုအစက်ချကာကွယ်ဆေးများ အပိုဆောင်းပြီး တစ်ပြိုင်နက်တည်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ရည်မှန်းကလေးဦးရေအားလုံး အရည်အသွေးပြည့်မီသော ကာကွယ်ဆေးများရရှိမှသာ ရောဂါခုခံနိုင်စွမ်း အပြည့်အဝရရှိနိုင်ကြမည် ဖြစ်သည့်အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကာကွယ်နိုင်သော ကူးစက်ရောဂါများကြောင့် နာတာရှည် ကျန်းမာရေးပြဿနာများနှင့်သေဆုံးနေကြသော ကလေးများကိုတွေ့ရှိနေရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းပြီး တိုင်းပြည်၊ ပြည်နယ်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ အနာဂတ်သားကောင်းများကို လက်လွှတ်ဆုံးရှုံးနေခြင်းဖြစ်ပါကြောင်း၊


 

     ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လာရောက်ဆောင်ရွက်ရသည့် အကြောင်းရင်းမှာ ဖာပွန်မြို့နယ်တွင် ပိုလီယိုပိုး တွေ့ရှိပြီး အကြောသေသွားသော ကလေး (၆)ဦး လုံးသည် ကာကွယ်ဆေးလုံးဝမရရှိထားသော ကလေးများဖြစ်ပါကြောင်း၊ ထိုကလေးများသည် ပိုလီယို ရောဂါတင်သာမကဘဲ ကူးစက်နိုင်တဲ့ ရောဂါမှန်သမျှကို ရရှိဖို့ အန္တရာယ်ရှိနေပါကြောင်း၊ ထို့ကြောင့် သိရှိပြီး (၂)ပတ်အတွင်း (၂)ပတ်ခြား (၃)ကြိမ် ကရင်ပြည်နယ်၊ (၁၂)မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး၍ ထိန်းချုပ်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် ကလေးအားလုံးကို အထူးသဖြင့် ကာကွယ်ဆေးလုံးဝမရရှိထားသော ကလေးများဆီကို ကာကွယ်ဆေးရောက်ရှိမှု သေချာရန် လိုအပ်ပါကြောင်း၊ မရောက်ရှိသေးသော နေရာတွေမှ ကာကွယ်ဆေးမရသေးသည့် ကလေးများကို ဖော်ထုတ် ရှာဖွေပြီး ရောက်ရှိအောင် တိုက်ကျွေးရန်လိုအပ်ပါကြောင်း၊

     ကရင်ပြည်နယ်၊ (၇)မြို့နယ်အတွင်းရှိသော ကလေးများအတွက် (၄)ကြိမ်မြောက် ပိုလီယို ကာကွယ်ဆေးရရှိရန်အတွက် အခွင့်အရေးဖြစ်သကဲ့သို့ ထပ်မံပြီး ကလေးများ၏ အသက်ကို အန္တရာယ်ပေးနိုင်ပြီး ကပ်ရောဂါဖြစ်နိုင်သော ဝက်သက်ဂါရောနှင့် ဂျိုက်သိုးရောဂါကနေ ကာကွယ်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ကလေးများအားလုံး ကာကွယ်ဆေး ရရှိကာ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါများမှ ကင်းဝေးစေရန် မိမိတို့ ကျရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြခြင်းအားဖြင့် ပိုလီယိုရောဂါသည် ယခုနှစ်အချိန်အနည်းအတွင်းတွင် ပြန်လည်ကင်းစင်နိုင်မည်ဖြစ်ပါကြောင်း၊ (၂၀၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းစင်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်း တောင်ပေါ်မြေပြန့် မည်သည့်နေရာတွင် မွေးဖွားနေထိုင်သော ကလေးမဆို သာတူညီမျှ ကာကွယ်ဆေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း" ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသူများက ဇွဲကပင်ခန်းမအတွင်း ကလေးငယ်များကို ကာကွယ်ဆေးတိုက်ကျွေးနေခြင်းကို ကြည့်ရှုခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

More Tags