နိုင်ငံတော်သမ္မတဦးထင်ကျော် (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့

     မြန်မာ့တိုင်းရင်းဆေးသမားတော်များ တစ်နှစ်တစ်ကြိမ် ချစ်ကြည်ရင်းနှီးစွာ ဆုံတွေ့ကြတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ မင်္ဂလာအခါသမယမှာ  မြန်မာပြည်သူပြည်သားတိုင်း ကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ လူမှုသုခကို မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ဖြည့်ဆည်းပေးစွမ်းနိုင်ရေးအတွက် ဆွေးနွေးဖလှယ် ညှိနှိုင်းတိုင်ပင်ကြမယ့် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး နှလုံးစိတ်ဝမ်းကြည်သာ ချမ်းမြေ့ရှိကြပါစေကြောင်း လှိုက်လှဲစွာ မေတ္တာပို့သအပ်ပါတယ်။

     မြန်မာ့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါးများ အဆင့်အတန်း မြင့်မားတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့ရဲ့ ကျင့်ဝတ်သိက္ခာမြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများရဲ့ကျန်းမာ‌ရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေးဟူသော မွန်မြတ်တဲ့ ဦးတည်မျှော်မှန်းချက်များနဲ့အညီ ခရစ်သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှစပြီး မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နှစ်စဉ် အစဉ်အလာမပျက် အောင်မြင်စွာ ကျင်းပလာခဲ့ရာမှာ ဒီနှစ်မှာ တစ်ဆယ်ရှစ်ကြိမ်သို့တိုင် ခရီးဆက်နိုင်ခဲ့ကြပြီးဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူဖွယ်အတိ ဖြစ်ပါတယ်။

     (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကိုလည်း တစ်ဆက်တည်း ကျင်းပပြုလုပ်ကြမှာဖြစ်ပြီး နှီးနှောဖလှယ်ပွဲကို ကျင်းပရာမှာ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ သမားစဉ်ကုထုံးနည်းစနစ်များနဲ့ အစွမ်းထက်ဆေးဝါးတွေကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်ပြီး တိုင်းရင်းဆေးရုံများနဲ့ တိုင်းရင်းဆေးကုဌာနတွေမှာ လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့၊ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မ များထံ ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့၊ နယကြီး (၄)ပါးကို အခြေခံတဲ့  မြန်မာ့တိုင်းရင်းဆေး ပညာကုထုံး နည်းစနစ်များကို အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နဲ့ ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ သင်ကြားရေးနည်းစနစ်ကို ဆန်းစစ်သုံးသပ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးစတဲ့ ရည်ရွယ်ချက်များ ပြည့်မီလာရေးအတွက် တိုင်းရင်းဆေးပညာရှင်များ အားလုံးနဲ့ နှီးနွယ်ပညာရှင်များအားလုံးတို့က ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။

     ဒီနေ့ကမ္ဘာကြီးမှာ သဘာဝသစ်သီးသစ်ဥများနဲ့ နွယ်မြက်သစ်ပင်တွေကို အခြေခံတဲ့ ဘယဆေးပညာရပ်များဟာ ဘေးထွက်ဆိုးကျိုး နည်းပါးပြီး အာနိသင်ထက်မြက်ခြင်းတို့ကြောင့်  အထူးအလေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နေကြတာကို တွေ့ရှိနေရပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရှင်များအနေနဲ့လည်း မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်များ တိမ်မြုပ်ပျောက်ကွယ်မသွားစေရန်နဲ့ တစ်ဦးရဲ့အသိပညာများနဲ့ အခြားတစ်ဦးရဲ့  အသိပညာ များကိုလည်း အချင်းချင်းဆွေးနွေးဖလှယ် ပေါင်းစပ်ကာ ကုထုံးများထုတ်ဖော်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကပ်ရောဂါအသွင်ဆောင်တဲ့ ရောဂါအသစ်တွေကို ဘေးထွက်ဆိုးကျိုးနည်းပါးပြီး သဘာဝအပေါ်အခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေး ကုထုံးနည်းသစ်များနဲ့ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကိုလည်း ပြည်သူတွေထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအသုံးပြုနိုင်ကြစေဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုများထဲက အကောင်းဆုံးရလဒ် ကုထုံးကုကွက်များကိုလည်း ဝေမျှဆွေးနွေးကြရန် လိုအပ်ပါတယ်။

     နိဂုံးချုပ်အနေနဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များရဲ့ ပခုံးထက်သို့ ရောက်ရှိနေတဲ့ မြန်မာ့တိုင်းရင်းဆေးလောက ဂုဏ်သိက္ခာ အဆင့်အတန်းမြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ဖို့ကျင်းပတဲ့ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးရဲ့ မျှော်မှန်းချက်များနဲ့ နှီးနှောဖလှယ်ပွဲ ရည်မှန်းချက်တွေ အောင်မြင်ပါစေ၊ စည်းလုံးညီညွတ်စွာ ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်၊ နှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုးမြှင့်စောင့်ရှောက်ပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။

http://www.president-office.gov.mm/?q=briefing-room/messages/2018/01/12/id-13178

 
 

More Tags