ဓာတ်မှန်ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးအမှာစကားပြောကြား

Union Minister Dr. Myint Htwe delivers a speech at the coordination meeting of the Radiology Advisory Group

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ဓာတ်မှန်ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ်အလိုက် အငြိမ်းစားပညာရှင်များ၊ ပါမောက္ခများ ပါဝင်သည့် ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကြံပေးအဖွဲ့များဖွဲ့စည်းကာ အဆိုပါ အဖွဲ့များထံမှ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူမှု၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပြုချက်များ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဓာတ်မှန်ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့အနေဖြင့်လည်း မိမိတို့ ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များအတွက် ပွင့်လင်းစွာဖြင့်အကြံပြုချက်များ ပေးအပ်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှဝယ်ယူမည့် ဓာတ်မှန်ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ အရည်အသွေးကောင်းမွန်ရေး နှင့် သင့်တော်သော စံချိန်စံညွှန်း များ(specification and standard) ပြည့်မီရေးအတွက် အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊

• ခုတင် (၂၀၀၀) ဆံ့ဆေးရုံကြီးမှ (၁၆) ခုတင်ဆံ့ဆေးရုံများအထိ ဆေးရုံအလိုက် ရှိရမည့် ဓာတ်မှန်နှင့် ပုံရိပ်ဖော်ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ ဆက်စပ်ပစ္စည်းများနှင့် ပညာရှင်များစာရင်း (Checklist) များကိုလည်း ပြုစုပေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ထုတ်ဝေထားရှိသော ဓာတ်မှန်ပညာနှင့် ပုံရိပ်ဖော်ရောဂါရှာဖွေရေးဆိုင်ရာ လမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကို မွမ်းမံပြင်ဆင်မှုများပြုလုပ်ပေးစေလိုပါကြောင်း၊

• ထို့အပြင် တိုက်နယ်ဆရာဝန်များနှင့် မြို့နယ်ဆရာဝန်များအတွက် ဖြန့်ဝေထားရှိသော Mobile Tablet များတွင် ထည့်သွင်းရန် လမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း မွမ်းမံပြင်ဆင် ပေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) ဖြင့် ရောဂါရှာဖွေခြင်း လုပ်ငန်းများသည် အောင်မြင်မှုရရှိလျက်ရှိသဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ရာ အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊

• ဓာတ်မှန်ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကြံပေးအဖွဲ့များ၏ အကြံပြုချက်များကို အလေးအနက်ထားစဉ်းစား၍ ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

     ညှိနှိုင်းအစည်းအဝေးတွင် ဓာတ်မှန်ပညာရပ်ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူမှု၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/ ဌာနမှူးများ (ဓာတ်မှန်နှင့်ဓာတ်ရောင်ခြည်)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags