ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၏ အလုပ်သဘော ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေလ (၈)ရက်နေ့၊ ညနေပိုင်းတွင် Parkroyal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၏ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အလုပ်သဘော ညစာစားပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ -

• ကမ္ဘာ့အဆင့်ဆေးပညာရှင်ကြီးများ ပါဝင်တက်ရောက်သည့် ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများကာကွယ်ရေးစီမံချက်၏ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကလေး အရွယ်ကင်ဆာရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် လွန်စွာအရေးကြီးပါကြောင်း၊

• (၂၀၁၇) ခုနှစ်တွင် ပြုလုပ်ခဲ့သော (၇၀) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ချမှတ်ခဲ့သော အဓိဋ္ဌာန် ဆုံးဖြတ်ချက် (WHA 70.12) နှင့်အညီ ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ Global Initiative in Childhood Cancer အစီအစဉ်ကို စတင်ဆောင်ရွက်သည့် ကမ္ဘာ့နိုင်ငံ (၆) နိုင်ငံအနက် မြန်မာနိုင်ငံပါဝင်ခွင့်ရရှိခဲ့ခြင်းမှာ ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါကြောင်း၊

• ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်ပြီး ဝင်ငွေများပြားသော နိုင်ငံများတွင် ကလေးအရွယ်တွင် ဖြစ်သောကင်ဆာရောဂါများကို စောစီးစွာသိရှိ၍ ကုသနိုင်မှုမှာ (၈၀%) ရှိပြီး ဝင်ငွေအလယ် အလတ်နှင့် ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် (၂၀%) သာရှိပါကြောင်း၊

 

• ကလေးငယ်များသည် ခံစားရသော ဝေဒနာကို ရေလည်စွာ မပြောကြားနိုင်ခြင်း၊ ကလေးအရွယ်တွင် ဖြစ်ပွားသော ကင်ဆာရောဂါများသည် ယေဘုယျအားဖြင့် ကြိုတင်သိရှိစစ်ဆေးရန် ခက်ခဲခြင်းတို့ကြောင် ကင်ဆာရောဂါကာကွယ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းမှာ ဆေးပညာကျင့်ဝတ်များနှင့် အညီဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊

• ယခု အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ ကလေးကင်ဆာရောဂါများ ကာကွယ်ရေး လမ်းပြမြေပုံများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များချမှတ်သွားမည်ဖြစ်ပါကြောင်း၊

• (၇၀) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ချမှတ်ခဲ့သော အဓိဋ္ဌာန်ဆုံးဖြတ်ချက် (WHA 70.12) တွင် ပါဝင်သော အချက်များကို လေ့လာသုံးသပ်ကာ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံရှိ ကလေးကင်ဆာရောဂါဆိုင်ရာ ဆေးပညာရှင်ကြီးများကလည်း ကင်ဆာရောဂါကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊

 

• ယခုအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ကလေးကင်ဆာရောဂါဆိုင်ရာ ဆေးပညာရှင်ကြီးများနှင့် နိုင်ငံတကာ ဆေးပညာရှင်ကြီးများအကြား ပညာရပ်ဖလှယ်မှုနှင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံမှ မျိုးဆက်သစ် ကလေးကင်ဆာရောဂါဆိုင်ရာ ဆေးပညာရှင်များအနေဖြင့်လည်း ယခုကဲ့သို့ နိုင်ငံတကာမှ ဆေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိချိန်တွင် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံရှိ ကလေးကင်ဆာဆေးပညာရှင်ကြီးများအနေဖြင့် နိုင်ငံတကာရှိ ဆေးပညာ တက္ကသိုလ်ကြီးများနှင့် ပိုမိုချိတ်ဆက်၍ ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါကာကွယ်မှု၊ စစ်ဆေးကုသမှုဆိုင်ရာ ဆေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကုသရေးပိုင်းအတွက် ကုထုံးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက် သွားစေလိုပါ ကြောင်း၊

 

• ရန်ကုန်ကလေးဆေးရုံကြီးနှင့် မန္တလေးကလေးဆေးရုံကြီးတို့ရှိ ကလေးကင်ဆာရောဂါများ စစ်ဆေးကုသမှုဌာနများကို ပိုမိုကောင်းမွန်တိုးတက်စေရေးကိုလည်း ဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသော ဘက်ပေါင်းစုံ ပေါင်းစပ်ဆောင်ရွက်ခြင်းပုံစံဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကလေးကင်ဆာရောဂါများဆိုင်ရာ WHO collaborating center နှင့်လည်း ပုံမှန် ချိတ်ဆက်၍ အကြံပြုချက်များ ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများ၏ ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ ကြွယ်ဝလာခြင်းဖြင့် ရောဂါ၏ ကနဦးလက္ခဏာများကို သိရှိကာ စောစီးစွာစစ်ဆေး၍ ကုသမှုခံယူနိုင်မည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များထံသို့ ကျန်းမာရေး အထောက်အကူပြု Mobile Tablet များဖြန့်ဝေပေးလျက်ရှိပြီး ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ၏ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးသတင်းအချက်အလက်စနစ်ကိုလည်း ပိုမိုအားကောင်းခိုင်မာစေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကင်ဆာရောဂါမှတ်ပုံတင်စနစ် (Cancer Registry) ကိုလည်း ဝန်ကြီးဌာနမှဆောင်ရွက်လျက် ရှိပါကြောင်း၊

• ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးသတင်းအချက်အလက်များမှတစ်ဆင့် ဖြစ်ပွားမှုများပြားသော ကင်ဆာရောဂါအမျိုးအစား၊ နေရာဒေသအလိုက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားမှု စသည်တို့ကို တိကျစွာသိရှိနိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းဝယ်ယူမှု၊ ဘဏ္ဍာငွေခွဲဝေမှု တို့အပါအဝင် စီမံခန့်ခွဲမှုနှင့် စီမံချက်ရေးဆွဲမှုတို့ကို များစွာ အထောက်အကူပြုနိုင်ပါကြောင်း၊

 

• ယခု အလုပ်ရုံဆွေးနွေးပွဲကြီးမှ ကလေးအရွယ်ကင်ဆာရောဂါဆိုင်ရာ နေပြည်တော် အဓိဋ္ဌာန် ဆုံးဖြတ်ချက် (Nay Pyi Taw Resolution) ကို ချမှတ်သွားမည်ဖြစ်ပါကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြမှုများနှင့် ဆွေးနွေးအကြံပြုချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကင်ဆာရောဂါ ဆေးပညာရှင်များနှင့် ကလေးအထူးကု ဆရာဝန်များထံသို့ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါများကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြင့်ကာ အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ အမေရိကန်နိုင်ငံ St. Jude Children’s Research Hospital မှ Executive Vice-president Dr. Carlos Rodriguez-Galindo က ဝမ်းမြောက်ကြိုဆိုစကားပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကလေးကင်ဆာရောဂါများဆိုင်ရာ မှတ်တမ်းရုပ်သံ “How I live” ကို ပြသခဲ့ပါသည်။

     ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့ကို မေလ (၈)ရက်နေ့တွင် Summit Parkview Hotel၊ ရန်ကုန်တွင်ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို Parkroyal Hotel၊ ​နေပြည်​​တော်​၌ မေလ (၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဆက်လက်​​ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်ကြီးများ၊ သူနာပြုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပေးပညာရှင်များနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) ရှိ WHO collaborating center for childhood cancer မှ အကြံပေးပညာရှင်၊ St. Jude Children’s Research Hospital မှ အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်ကြီးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများ၊ World Child Cancer အဖွဲ့မှ တာဝန်ရှိသူများ၊ City Cancer Challenge - Asia၊ International Society of Paediatric Oncology (SIOP PODC)၊ ဟောင်ကောင် PKW Foundation၊ စင်ကာပူနိုင်ငံ KK Women's and Children's Hospital၊ National University Hospital နှင့် Viva foundation၊ ဖိလစ်ပိုင်နိုင်ငံ Philippine General Hospital၊ ဂျပန်နိုင်ငံ National center for global health and National center for global health and medicine တို့မှ ဆေးပညာရှင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံကင်ဆာရောဂါဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags