ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့

     (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။


 

     ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၉) ရက်တွင် (၁၉)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီကို (၈)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်(၆)ရပ် ချမှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၉)ခုကိုလည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

     ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ယခင်နှစ်များကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။


 

     မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို (၂ဝဝဝ)ခုနှစ် မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ရန်ကုန်မြို့တွင် (၆) ကြိမ်နှင့် နေပြည်တော်တွင် (၁၂) ကြိမ် စုစုပေါင်း (၁၈)ကြိမ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကျင်းပခဲ့သည့် ညီလာခံ အဆက်ဆက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းဖြင့် တာဝန်ယူ ဆောင်ရွက်နိုင်ခဲ့သည် မဟုတ်ဘဲ နှီးနွယ်ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု (၁၉) ကြိမ်မြောက် ညီလာခံတွင်လည်း အစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း။

     (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ကျင်းပရသည့် ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး တိုးတက်ရန်၊ မြန်မာ့တိုင်းရင်းဆေးဆရာများ၏ အရည်အချင်းနှင့် ကျင့်ဝတ်သိက္ခာမြင့်မားရန်၊ မြန်မာ့တိုင်းရင်း ဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရန်၊ မြန်မာ့တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုးတိုးတက် ရန်နှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရန်တို့ ဖြစ်ပါကြောင်း။

      မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှောဖလှယ်ပွဲကို တိုင်းရင်းဆေးဖုံများတွင် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ သမားတုသမားယောင်များ ပပျောက်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရေး၊ ပြည်တွင်း၌ ပရဆေးဥယျာဉ်များ တိုးချဲ့ရေးနှင့် ဆေးဖက်ဝင်အပင်များ ပိုမိုတိုးမြှင့် စိုက်ပျိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

     မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပသည့် နှစ်စဉ်နှစ်တိုင်းတွင် နိုင်ငံတော်သမ္မတက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါကြောင်း၊ ညီလာခံ မကျင်းပမီတစ်ရက်အလိုတွင် ညီလာခံအကြို ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ ဖွင့်ပွဲနေ့တွင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးပါက ညီလာခံကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပါကြောင်း၊ နောက်ရက်တွင် နှီးနှောဖလှယ်ပွဲ ဆက်လက်ပြုလုပ်သွားမည်ဟု သိရှိရပါကြောင်း။

     မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ဆရာအသင်းဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ အသင်းဝင်များ၊ ပြည်တွင်းမှ အစိုးရမဟုတ်သော အသင်းအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညီလာခံကိုယ်စားလှယ်များ စုစုပေါင်း(၃၈၀) ဦးကျော် တက်ရောက်ကြမည်ဟု သိရှိရပါကြောင်း။

     မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို နှစ်စဉ်ကျင်းပခဲ့သည့် အတွေ့အကြုံများအပေါ်အခြေခံပြီး ယခု(၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် အဘက်ဘက်မှ လစ်ဟာမှု မရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


 

     ထို့နောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာလောက ပိုမိုတိုးတက်ကောင်းမွန်လာရေး၊ သုတေသနလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်နိုင်ရေး၊ တိုင်းရင်းဆေးဝါးများ အရည်အသွေးပြည့်မီစွာဖြင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် လုပ်ငန်းများယခုထက် တိုးတက်အောင်မြင်အောင် ပိုမို လုပ်ကိုင်နိုင်ရေးနှင့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြ သည်။


 

     ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ ခွဲဝေချထားမှု၊ ညီလာခံကျင်းပမည့် အစီအစဉ်များ၊ ညီလာခံတက်ရောက်မည့် စာရင်းများ၊ အဆိုပြုလွှာနှင့်ထောက်ခံချက်များ တင်သွင်းမည့်အစီအစဉ်များနှင့် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

     ထို့နောက် တက်ရောက်လာကြသူများက (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

     ယင်းနောက် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

     အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ(၉)ခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

(သတင်းစဉ်)

 

 

More Tags