ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) နှင့်အဖွဲ့က ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

Union Minister Dr. Myint Htwe receives Deputy Director-General (disease control) and team

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် နှင့်အဖွဲ့က ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍လာရောက်တင်ပြမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့ တွေ့ဆုံရာတွင် ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားများမှ ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေရည်ရည်လင်းက ကချင်ပြည်နယ်တွင် -

• ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာ မြို့နယ်အလိုက်၊ လအလိုက် အချက်အလက်များ၊ (၂၀၁၃) ခုနှစ်မှ ယခု (၂၀၁၉) ခုနှစ်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ချက်များကို တင်ပြခဲ့ပြီး၊

• ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် ကျန်းမာရေးဌာနများ ချိတ်ဆက် သတင်းပေးပို့မှုနှင့် လုပ်ငန်းဆောင်ရွက်မှု၊

• Rapid Response Team (RRT) ကွင်းဆင်းအဖွဲ့များလုပ်ငန်းဆောင်ရွက်မှု၊

• ရောဂါပိုးသယ်ဆောင်သည့် ခြင်ကိုက်ခံရရာမှ ရောဂါဖြစ်ပွားပုံနှင့် ရောဂါ၏ လက္ခဏာများ၊ ပြည်သူများ ကိုယ်တိုင်ပါဝင်သည့် ခြင်ကျားလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာမြှင့်တင်မှုလုပ်ငန်းများ၊

 

• အဘိတ်ဆေးခပ်ခြင်းအပါအဝင် ခြင်ကျားလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ၊

• စံကုသမှုလမ်းညွှန်များဖြန့်ဝေထားရှိမှု၊

• ပုဂ္ဂလိက အထွေထွေရောဂါကု ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအား ရောဂါဖြစ်ပွားသူလူနာများအား ဆေးရုံသို့ လိုအပ်သလို အချိန်မီညွှန်းပို့ကုသမှုခံယူစေရေးအတွက် ဆွေးနွေးပြောကြားခြင်းနှင့် သင်တန်းပေးခြင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ထားရှိမှု စသည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုတင်ပြခဲ့ပါသည်။

 

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (ဆေးပညာ) ပါမောက္ခဒေါက်တာတင့်တင့်ကြည်၊ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်၊ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ (အဏုဇီဝဗေဒ) ပါမောက္ခဒေါက်တာအေးအေးဟန် နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ခဲ့ကြပါသည်။

 

     ထိုသို့တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရောဂါစောင့်ကြပ်ကြည့်ရှုမှု၊ ကျန်းမာရေး အသိပညာမြှင့်တင်မှု၊ ရောဂါစစ်ဆေးကုသမှု တို့ကို အားဖြည့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှု ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် စီစဉ်ပေးခဲ့ပါသည်။

 

     အဆိုပါ တင်ပြဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ပါမောက္ခချုပ် (ဆေးတက္ကသိုလ် - မကွေး) ပါမောက္ခ ဒေါက်တာဌေးလှ၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ပါမောက္ခဒေါက်တာလှလှဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။

More Tags