တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက် (၈:၃၀) နာရီ တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပပါသည်။


 

     ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းဆေးကဏ္ဍကြီး တစ်ရပ်လုံး တိုးတက်ရန်အတွက် ယခုကဲ့သို့တိုင်းရင်းဆေးပညာရှင်ကြီးများမှ တိုင်းရင်း​ဆေးပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့တွင်ပါဝင်ပြီး လာရောက်ပံ့ပိုးကြသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ယခု အစည်းအဝေးမှာ တိုင်းရင်းဆေးကဏ္ဍကြီး ယခုထက်ပိုမို တိုးတက်ရေးနှင့်ပတ်သက်၍ လက်တွေ့ကျကျအကြံပြု တင်ပြကြစေလိုကြောင်း၊ တင်ပြချက်များအပေါ် အဖက်ဖက်မှဆန်းစစ်သုံးသပ်ပြီး တိတိကျကျ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုင်းမှာ စနစ်ကောင်းဖို့လိုကြောင်း၊ စနစ်ကောင်းမှ ရေရှည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် စနစ်ကိုကောင်းအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာရပ်များနှင့် တိုင်းရင်းဆေးပညာရှင်များ၏ ဆောင်ရွက်ချက်များ အကြံပြုချက်များကို လေးစားရမည်ဖြစ်ပြီး တိုင်းရင်းဆေးဝါးကောင်းများကိုလည်း ဆက်လက်ဖေါ်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ဤသို့လုပ်နိုင်ရန်လည်း တိုင်းရင်းဆေးပညာရှင်များ၏အကူအညီကို ယူရမည်ဖြစ်ကြောင်း၊

     တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုပြည်သူများ ပိုမိုသိရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မကြာခင်ကထုတ်ဝေပြီးခဲ့သော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်တွင် တိုင်းရင်းဆေးပညာရပ်နှင့်ပတ်သက်သော စံပြုအချက်အလက်များ ထည့်သွင်းနိုင်ရန် ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုသည် တိုင်းရင်းဆေးဝါးစိုက်ပျိုးထုတ်လုပ် ဖြန့်ချိရောင်းချရာတွင် အလွန်အရေးကြီးပါကြောင်း၊ ဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမွန်ပြီး ဘေးထွက်ဆိုးကျိုးမရှိသည့် တိုင်းရင်းဆေးဝါးကောင်းများ ယခု ထက်ပိုမိုထုတ်လုပ် သုံးစွဲနိုင်ကြမည်ဖြစ်ပါကြောင်း၊


 

     ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာအောင်နိုင် ( ညွှန်ကြားရေးမှူး(ငြိမ်း) တိုင်းရင်းဆေးပညာဦးစီးဌာန )၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အကြံပြုတင်ပြချက်များအပေါ် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပါသည်။

     တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ဝါရင့်တိုင်းရင်းဆေးဆရာကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အငြိမ်းစားဆရာကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)မှ ဆရာကြီးများ၊ တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ စုစုပေါင်း (၁၅) ဦး ပါဝင်ဖွဲ့စည်းထား ပါသည်။


 

     ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက် ကြပါသည်။

 

More Tags