တိုက်နယ်ဆရာဝန်မွမ်းမံသင်တန်း(၁/၂၀၁၇)သင်တန်းဆင်းပွဲကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုက်နယ်ဆရာဝန် မွန်းမံသင်တန်း (၁/၂၀၁၇) သင်တန်းဆင်းပွဲကို မေလ(၉)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သြဝါဒစကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေး ဆောင်ရွက်ရာ၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေးသည် အရေးကြီးပါကြောင်း၊ အထူးသဖြင့်ပြည်သူများ ကျန်းမာရေးအသိပညာ မြင့်မှသာ ဆေးရုံများသို့ရောက်လာသောလူနာ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊


 

     ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးရန်အတွက် အရည်အချင်းပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများ တိုးမြင့်ခန့်ထားပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း အရည်အသွေးမြင့်မား လာစေရန် စဉ်ဆက်မပြတ် သင်တန်းများပေးလျက်ရှိပါကြောင်း၊ သင်တန်းများ၏ထိရောက်မှုကိုလည်း သုတေသနများပြုလုပ်၍ ပြန်လည်သုံးသတ်သွားမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းပြုလုပ်သည့် အကြောင်းအရာများသည်ဆီလျော်မှုရှိပြီး အလွန်ကောင်းမွန်ပါကြောင်း၊ ဦးစီးဌာနများရှိ ဝန်ထမ်းများသည် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထားပြီး ဆောင်ရွက်သင့်သည်များကို ကိုယ်ပိုင်အသိဉာဏ် ခံယူချက်တို့ဖြင့် စတင်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်းလိုအပ်ချက်များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊  
 
     လက်ထောက်ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ်များ စသဖြင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေး၏ ရှေ့တန်းတိုက်စစ်မှူးများဖြစ်သကဲ့သို့ တိုက်နယ် ဆရာဝန်များသည် ကုသရေးတစ်ခုတည်းအတွက်သာမကပဲ ပြည်သူ့ကျန်းမာရေးအတွက်ပါ ဆောင်ရွက်နေသော ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြပါကြောင်း၊ တိုက်နယ်ဆရာဝန်များ၏ အခန်းကဏ္ဍသည် ကုသရေးနှင့် ပြည်သူကျန်းမာရေးလုပ်ငန်းများတွင် အလွန်အဓိကကျသော နေရာတွင်ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံး၏ သော့ချက်သဖွယ်အလွန်အရေးကြီးပါကြောင်း၊ ကျရာဒေသတွင်လုပ်သင့်လုပ်ထိုက်သည်များကို အထက်သို့တင်ပြပြီး လုပ်ဆောင်ကြရန်နှင့် တိုက်နယ်ဆရာဝန်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သုတေသနပြု လုပ်ဆောင်သင့်ကြောင်း၊ တိုက်နယ်ဆရာဝန်များ၏ လုပ်ဆောင်ချက်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မတူညီကွဲပြားမှုများရှိပါ၍ ကိုယ်စားလှယ်များရွေးချယ်ကာ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပပြုလုပ်စေချင်ပါကြောင်း၊ တွေ့ရှိချက်များကိုမှုတည်၍ ဦးစားပေးအလိုက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍလည်း ပါဝင်သည်ဖြစ်၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

         တိုက်နယ်ဆရာဝန်များ၏ ဘဝတိုးတက်ရေးအတွက်လည်း ဆေးကုသရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးရုံအုပ်ချုပ်ရေး စသည်ဖြင့် စိတ်ဝင်စားရာရွေးချယ်ပြီး ဘွဲ့လွန်များဆက်တက်နိုင်ရန်လည်း စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုက်နယ်ဆရာဝန်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အမြဲတမ်းဆက်သွယ်မှုရှိနေရမည်ဖြစ်ပြီး တိုက်နယ်ဆရာဝန်များ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။


 

     ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော သင်တန်းသားတို့အား ဆုများအသီးသီးချီးမြှင့်ပြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊  သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 
 
 
 
 

More Tags