ဌာနတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီးသွားရောက် ကြည့်ရှု

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၁၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော ဌာနတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ် (In-house capacity building session) သို့ သွားရောက်ကြည့်ရှု၍ ထပ်မံလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။


 

     ယနေ့ ဌာနတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ် (In-house capacity building session) တွင် ပလပ်စတစ် (Plastic) အသုံးပြုထားသော နေ့စဉ်သုံးပစ္စည်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှုများ၊ ပလပ်စတစ်စွန့်ပစ် ပစ္စည်းများကြောင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်ပျက်စီးနိုင်မှုများ၊ ပလပ်စတစ်ထုတ်ကုန်များအား သုံးစွဲမှုလျော့ချရေး၊ စနစ်တကျစွန့်ပစ်ရေး၊ ပြန်လည်အသုံးပြုရေး၊ သဘာဝထွက်ကုန်ပစ္စည်းများဖြင့် အစားထိုးအသုံးပြုရေးတို့နှင့် ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုစုလင်းက "Beat Plastic Pollution" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။


 

     ထိုသို့ သွားရောက်ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ စွမ်းရည်မြှင့် အစီအစဉ်များ၊ ဆွေးနွေးပြောဆိုပွဲများပြုလုပ်ခြင်းသည် ဌာနမတူညီသည့် ဝန်ထမ်းများအချင်းချင်း သိရှိရင်းနှီးနိုင်ခြင်း၊ တက်ရောက်ဆွေးနွေးသူ မျိုးဆက်သစ်လူငယ်များအတွက် လူအများရှေ့တွင် ပြောဆိုဆွေးနွေးသည့် အတွေ့အကြုံများ ရရှိနိုင်ခြင်းနှင့် ဗဟုသုတအသိအမြင်တိုးပွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဌာနတွင်း စွမ်းရည်မြှင့်တင်ခြင်း အစီအစဉ်များ၊ ဆွေးနွေးပြောဆိုပွဲများကို ဦးစီးဌာနများ အားလုံးတွင် ပုံမှန်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ဗဟုသုတပိုမိုတိုးပွားစေမည့် စကားရည်လုပွဲများကိုလည်း ပြုလုပ်သွားစေလိုကြောင်း၊

• ဆွေးနွေးမည့်ခေါင်းစဉ်နှင့် အစီအစဉ်တို့ကို notice board တွင် အများမြင်သာစေရန် ကပ်ထားခြင်းနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ အင်တာနက်စာမျက်နှာများမှ အသိ​ပေးခြင်း​များ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊

• အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် တစ်ခါသုံး ပလပ်စတစ်ရေဘူးများ အသုံးပြုခြင်းကို လျှော့ချရန်ဖြစ်ပါကြောင်း၊

• ထို့အပြင် စက္ကူစာရွက်များ သုံးစွဲမှုကိုလည်း လျှော့ချနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက် မြန်ဆန်စေရန်အတွက် ဌာနတွင်း ရုံးစာများကို ကွန်ပျူတာစနစ်ကို အသုံးချ ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ယနေ့ ဌာနတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်ခြင်း အစီအစဉ်သို့ ဝန်ကြီးဌာန၏ ဌာနခွဲ အသီးသီးမှ စိတ်ပါဝင်စားသူ စုစုပေါင်း (၁၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ ဌာနတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်ခြင်း အစီအစဉ်ကို ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်၊ မိမိတို့ သက်ဆိုင်ရာ စီမံချက်များနှင့် ဌာနခွဲ များ၏ လုပ်ငန်းများကိုသာမက အခြား စီမံချက်များနှင့် ဌာနခွဲများ၏ လုပ်ငန်းများကိုပါ နှံ့စပ်ကျွမ်းကျင်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍ အပတ်စဉ် သောကြာနေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ နေပြည်တော်၌ ပြုလုပ်နေခြင်းဖြစ်ပါသည်။

More Tags