ဆန်းသစ်တီထွင်တွေးခေါ်ခြင်း၊ အကျိုးရှိထိရောက်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

     ပြဿနာတစ်ခုကို ဖြေရှင်းဆောင်ရွက်ရာတွင် ချဉ်းကပ်ပုံချဉ်းကပ်နည်းများမှာ ယခင်ပုံစံများနှင့် ဖြေရှင်းဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ ကိုင်တွယ်ပုံချဉ်းကပ်ပုံများအရ ပြောင်းလဲသင့်သည်များကို လိုအပ်လျှင်လိုအပ်သလို ပြောင်းလဲဆောင်ရွက်မှသာ ဆောင်ရွက်မှုများသည် ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသော ဆန်းသစ်တီထွင်တွေးခေါ်ခြင်း၊ အကျိုးရှိထိရောက်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


 

        ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ ထိရောက်အောင်မြင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးမည့် စွမ်းရည်များလည်း မြင့်မားလာမည်ဖြစ်ပြီး ပြည်သူများအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုရှုထောင့်၊ ဆေးပညာဆိုင်ရာကျွမ်းကျင်မှုရှု့ထောင့်မှ အဖက်ဖက်တွင် ခြုံငုံသုံးသပ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ e-government နှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ Guideline နှင့် SOP များကို စနစ်တကျဖြစ်စေလိုပါကြောင်း၊ ကျန်းမာရေးပညာပေး အစီအစဉ်များပြုစုရာ တွင် ပေးလိုသည့် Message များကို လိုရင်းတိုရှင်း Keypoint များကိုသာ ထည့်သွင်းအသုံးပြုစေလိုပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးမှုမျိုးကို ဗဟိုအဆင့်တွင်သာမဟုတ်ပဲ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် များတွင်လည်း ပြုလုပ်ကာ မိမိတို့ဒေသများအလိုက် ဆောင်ရွက်သင့်သည့် နည်းလမ်းများရှာဖွေဖော်ထုတ် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ယခုထက် ပိုမိုကောင်းမွန်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်‌ရှောက်မှုများပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း အကြံဉာဏ်များပေးကာ ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။


 

          ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


 

          အဆိုပါဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

More Tags