ဆင်ရွာကြီး ဘက်စုံကျန်းမာရေးသင်တန်းကျောင်းနှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) တို့သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်ကြည့်ရှု

Union Minister Dr. Myint Htwe visits Sin Ywar Gyi Multi-purpose health training school and central medical store deport (CMSD) (Mandalay)

မန္တလေး၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆင်ရွာကြီး ဘက်စုံကျန်းမာရေးသင်တန်းကျောင်းနှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) တို့သို့ သွားရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်ရွာကြီး ဘက်စုံကျန်းမာရေး သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က သင်တန်းကျောင်း သမိုင်းအကျဉ်း၊ သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော သင်တန်းအမျိုးအစားများ၊ ယခုလက်ရှိ သင်တန်းကျောင်းတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဆင်ရွာကြီး ဘက်စုံကျန်းမာရေးသင်တန်းကျောင်းကို မြန်မာနိုင်ငံ (အထက်ပိုင်း) အတွက် ကျန်းမာရေး ဝန်ထမ်းများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအမျိုးမျိုးအား ဖွင့်လှစ် သင်ကြားမည့် ပြည်သူ့ကျန်းမာရေး လက်တွေ့ကွင်းဆင်း အဆင့်မြှင့်သင်တန်းကျောင်း ဖြစ်လာစေရေး ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊

• ထိုသို့သင်တန်း ဆောင်ရွက်သွားနိုင်ရန်အတွက် လိုအပ်သည့် စာသင်ဆောင်နှင့် နေထိုင်ရန် အဆောင်အပါအဝင် အဆောက်အဦ၊ သင်ကြားမှုအထောက်အကူပြု ပစ္စည်းကိရိယာများ၊ လူအင်အား စသည်ဖြင့် လိုအပ်သည်များအား ပြုပြင်မွမ်းမံခြင်းနှင့် ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူများတွင် ကျန်းမာရေးအသိပညာများကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုများ ပြုလုပ်၍ ရောဂါဖြစ်ပွားမှုများ လျော့နည်းစေရန် နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး အဆင့်အတန်းမြင့်မား လာစေရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါကြောင်း၊

• (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ပြုလုပ်ခဲ့သော နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များတက်ရောက် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များညီလာခံမှ ထွက်ပေါ်လာခဲ့သော အကြံပြုချက်နှင့် ဆုံးဖြတ်ချက်များကို ဝန်ကြီး ဌာနမှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ဝန်ကြီးဌာနမှ ဖြန့်ဝေထားရှိသော Mobile Tablet များမှ တဆင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခုသင်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းအမျိုးအစားများအလိုက် ဆက်လက် သင်ကြားလေ့ကျင့်ပေးမည့် သင်တန်းအမျိုးအစားများ၊ သင်တန်းကာလ စသည်တို့ကို တာဝန်ရှိသူများနှင့် ပညာရှင်များ ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊

 

• သင်တန်းကျောင်းတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို တာဝန်ရှိသူများနှင့် ပညာရှင်များမှ ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော ကျန်းမာရေးဆိုင်ရာ အခြေအနေအရပ်ရပ်နှင့် အညီ ပြုပြင်ရေးဆွဲသင်ကြားသွားမည်ဖြစ်ပါကြောင်း၊

• သင်တန်းကျောင်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများအတွက် သင်ကြားမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ကျေးလက်ကျန်းမာရေးဌာနများတွင် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ်လျက်ရှိသော ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကိုလည်း ပိုမိုကောင်းမွန်ထိရောက်စေရေး ပထမဦးစားပေးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များကို အသုံးပြု၍ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ အနေဖြင့် ရောဂါဖြစ်ပွားမှု စာရင်းဇယားနှင့် စစ်တမ်းများကို ပါကောက်ယူသွားနိုင်မည် ဖြစ်သဖြင့် အဆိုပါ စာရင်းဇယားများကို အသုံးပြုကာ ဝန်ကြီးဌာနအနေဖြင့် မှန်ကန်တိကျသော စီမံကိန်းနှင့် စီမံချက်များ ချမှတ်ဆောင် ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ဆင်ရွာကြီးဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များကို ပွင့်လင်းစွာဖြင့် တင်ပြ ပြောကြားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဆင်ရွာကြီးဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်စေရေး အကြံပြုချက် များနှင့် လိုအပ်ချက်များကို အသီးသီး အသေးစိတ်တင်ပြခဲ့ကြပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) တို့က အမှာစကားပြောကြားခြင်းနှင့် ဝန်ထမ်းများမှ တင်ပြလာခြင်းများအပေါ် တုံ့ပြန်ဆွေးနွေးခြင်းနှင့် ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) သို့သွားရောက်ခဲ့ရာတွင် ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဖြူပြာကျော်ဆွေက ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး)၏ သမိုင်းအကျဉ်း၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆေးသိုလှောင်ရုံများအပါအဝင် အဆောက်အဦပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် လိုအပ်သည်များကို တင်ပြခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဆေး၊ ဆေးပစ္စည်း နှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူသိုလှောင်ဖြန့်ဖြူးခြင်းစနစ် (supply chain management) တစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အထက်ပိုင်းရှိ ဆေးရုံကြီးများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏအတိုင်း ပေးပို့ဖြန့်ဖြူးရန်အတွက် ဗဟိုဆေးသိုလှောင်ရေး ဌာန (မန္တလေး) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ဖြန့်ဖြူးမှုများကို ကွန်ပြူတာအသုံးပြု အီလက်ထရောနစ်စနစ်ဖြင့် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းပြီး အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့စနစ်တကျစောင့်ကြပ် ကြည့်ရှုခြင်းဖြင့် ဆေးဝါးများ သက်တမ်းလွန်ပျက်စီးခြင်းနှင့် အလေအလွင့်နည်းပါးသွားမည်ဖြစ်ပါကြောင်း၊

 

• အရည်သွေးကောင်းမွန်၍ စံချိန်စံညွှန်းပြည့်ဝသော ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှု၊ သိုလှောင်ထားသို ထိန်းသိမ်းမှုနှင့် ဖြန့်ဖြူးမှုတို့တွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ၎င်းတို့အား မွမ်းမံသင်တန်းများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

• ဗဟိုဆေးသိုလှောင်ရေးဌာနများမှ ဝန်ထမ်းများကို ပြင်ပနိုင်ငံများသို့စေလွှတ်၍ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူမှု၊ သိုလှောင်ထားသိုမှုနှင့် ဖြန့်ဖြူးမှုများ ဆောင်ရွက်နေမှုများကို သွားရောက် လေ့လာစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်း စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) ရှိဆေးသိုလှောင်ရုံများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags