ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း (Framework Convention on Tobacco Control - FCTC) အရ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက်အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်းကို ယနေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ Grand Amara ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားပါသည်။

 

     ယင်းအခမ်းအနား၌ WHO FCTC အတွင်းရေးမှူး Mr. Andrew Black, RTI International မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စီးပွားရေးပညာရှင် Mr. Nathan Mann, ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Policy analyst, Mr. Roy Small တို့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း (FCTC) ဗဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာသုတေသန (Investment Case for Tobacco Control in Myanmar) ဆောင်ရွက်ခဲ့ပုံနှင့် သုတေသနအစီရင်ခံစာအရ -

• မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ (၆၄,ဝ၀ဝ)ခန့်သည် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှုမှတဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက် ဆုံးရှုံးနေရကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျပ်သန်းပေါင်း(၂.၆)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ) ဆုံရှုံးနေပြီး၊ ထိုပမာဏသည် တိုင်းပြည်၏ အသားတင်ထုတ်ကုန်တန်ဖိုး၏ (၃.၃%)နှင့် ညီမျှကြောင်း၊

 

• ယခုအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းများ၌ မြန်မာငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံပါကလာမည့် (၂၀၃၃)ခုနှစ်တွင် မြန်မာငွေ (၂၂၅) ကျပ်ကို အကျိုးအမြတ်အဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီးကို အမှတ်အသားနှင့်တံဆိပ် မပါရှိဘဲ ထုပ်ပိုးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် စပ်လျဉ်း၍ ကြော်ငြာခြင်းနှင့် အားပေးထောက်ခံခြင်းအမျိုးမျိုးကို ပိတ်ပင်တားမြစ်ခြင်း၊ အများပြည်သူ ဆိုင်ရာနေရာနှင့် အခန်းတွင်း ဆေးလိပ်သောက်သုံးခြင်းများကို တားမြစ်ခြင်း၊ အခွန်တိုး မြင့်ကောက်ခံခြင်းနှင့် သတင်းမီဒီယာအမျိုးမျိုးကိုအသုံးပြု စီမံချက်အသွင်ဖြင့် အသိပေး လှုပ်ရှားမှုပြုလုပ်ခြင်းစသည့် ဗဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီမှ ပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများနှင့် မကူးစက်တတ်သောရောဂါများ ဆိုင်ရာ အသုံးချ သုတေသနများပြုလုပ်ရာတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်မှုများသာမကဘဲ လူမှုရေးနှင့် စီးပွားရေးထိခိုက်ဆုံးရှုံးနိုင်မှုများကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍မရဘဲ အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• သုတေသန အစီရင်ခံစာတွင်ပါရှိသော အကြံပြုချက်များအတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အခွန်တိုးမြှင့် ကောက်ခံရေး အတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်အသီးသီးသို့ အသိပေးတင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးအသိပညာကြွယ်ဝပါက ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများ၏ အန္တရာယ်ကြီးမားမှုကို သိရှိ ရှောင်ကြဉ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း(WHO FCTC)မှ ချမှတ်ထားသော မူဝါဒများနှင့် တပြေးညီ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ သုတေသနကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများဖြစ်ကြသည့် WHO-FCTC, UNDP, WHO နှင့် RTI International တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အခြားတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေရှင်း ဥက္ကဋ္ဌ နှင့်အခြားဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

More Tags