ဆေးရုံသတင်းအချက်အလက်ဆိုင်ရာ ကွန်ပျုတာစနစ်ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၀) ရက်နေ့

          ဆေးရုံသတင်းအချက်အလက်ဆိုင်ရာ ကွန်ပျူတာစနစ် ရှင်းလင်းဆွေးနွေးပွဲကို မတ်လ (၁၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ၊ တော်ဝင်ဂါးဒင်းဟိုတယ်၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားပါသည်။


 

     ရှေးဦးစွာ တော်ဝင်မိသားစုကုမ္ပဏီဥက္ကဌ ဦးကိုကိုထွေးက တော်ဝင်မိသားစုကုမ္ပဏီအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လိုအပ်ချက်များနှင့်အညီ သတင်းအချက်အလက်ဆိုင်ရာ ကွန်ပျူတာ စနစ်တစ်ခုဖြစ်ထွန်းပေါ်ပေါက်ပြီး စနစ်တကျ အသုံးပြုနိုင်သည်အထိ လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

     ဆက်လက်၍ Software အင်ဂျင်နီယာ (၂)ဦးက တော်ဝင်မိသားစုကုမ္ပဏီမှ ကူညီပံ့ပိုးပေးရန် ရည်ရွယ်ထားသည့် ဝန်ထမ်းပုဂ္ဂိုလ်ရေးရာ သတင်းအချက်အလက်စနစ် (Personal Information System) ၊ ဆေးနှင့်ဆေးပစ္စည်းစာရင်းစီမံထိန်းချုပ်ရေးနှင့် ဆေးရုံစီမံခန့်ခွဲရေးဆိုင်ရာ သတင်းအချက်အလက်စနစ် (Inventory Control System & Hospital Management System) တို့ကို ရှင်းလင်းတင်ပြကြသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်ကို ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာနှစ် (Year of data and information) နှင့် ဘဏ္ဍာငွေများကို ကျိုးကြောင်းလျော်ညီစွာ ခွဲဝေချထားခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းနှစ် (Year of rational budget allocation, monitoring and effective / efficient utilization of budget) များအဖြစ် သတ်မှတ်၍ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ တိကျမှန်ကန်ပြည့်စုံရေးနှင့် ရရှိသောသတင်းအချက်အလက်များကို စနစ်တကျ ဆန်းစစ်သုံးသပ် လေ့လာ၍ စီမံချက်များရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေနှင့် စွမ်းအားစုများကို လိုအပ်ချက်နှင့်အညီ ထိရောက်စွာ ခွဲဝေအသုံးချသွားနိုင်ရန် ဆောင်ရွက်နေကြောင်း၊

     မိမိတို့နိုင်ငံတွင် သတင်းအချက်အလက်မပြည့်စုံခြင်း၊ မတိကျခြင်း၊ ရရှိသောသတင်းအချက်အလက်များကို စနစ်တကျအသုံးမပြုခြင်းတို့ကြောင့် အချို့ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၏ လိုအပ်ချက်ကို သေချာစွာ ခန့်မှန်းနိုင်ခြင်းမရှိပဲ လိုအပ်သည်ထက်ပို၍ သို့မဟုတ် လျော့နည်း၍ ဝယ်ယူဖြန့်ဖြူးခြင်းများကြောင့် လေလွင့်ဆုံးရှုံးခြင်းများနှင့် အခက်အခဲဖြစ်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ကျန်းမာရေးသတင်း အချက်အလက်သည် လူ၏ဗဟိုအာရုံကြောစနစ်ကြီးနှင့်တူညီ၍ အလွန်အရေးကြီးကြောင်း၊ သတင်းအချက်အလက်များ တိကျမှန်ကန်ပြည့်စုံမှသာ ဆုံးဖြတ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ မှန်ကန်မည်ဖြစ် ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် အသုံးပြုနေသော ဆေးရုံသတင်းအချက်အလက်ကွန်ပျူတာစနစ်များကို တိုက်ရိုက်ပုံတူကူး အသုံးမပြုသင့်ပဲ မိမိနိုင်ငံနှင့် သင့်လျော်ကိုက်ညီစေရန် ဆော့ဝဲရေးသားသော ပညာရှင်များနှင့် ဆေးရုံအုပ်ကြီးများ ညှိနှိုင်းတိုင်ပင်ဆွေးနွေးသင့်ကြောင်း၊ မရှိမဖြစ်လိုအပ်သော အရေးကြီးအချက်အလက်များသာ ကောက်ယူစေလိုပြီး လက်တွေ့လုပ်ဆောင်နိုင်၍ လွယ်ကူရှင်းလင်းစနစ်ဖြစ်ရန် လိုအပ်ပြီး တစ်နိုင်ငံလုံးရှိဆေးရုံများမှ သတင်းအချက်အလက်များကို ချိတ်ဆက်စုစည်းသုံးသပ်နိုင်သော တူညီသောကွန်ပျူတာစနစ်တစ်ခုတည်းကိုသာ အသုံးပြုစေလိုကြောင်း၊

     လက်ရှိအခြေအနေတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကွန်ပျူတာစနစ်နှင့် နှိုင်းယှဉ်လျှင် ဆေးရုံဆိုင်ရာသတင်းအချက်အလက်စနစ်သည် အားနည်းချက်နှင့် မပြည့်စုံမှုများရှိနေပြီး ပိုမို ကောင်းမွန်တိုးတက်လာစေရေးအတွက်ဆောင်ရွက်ရန် လုပ်ငန်းအများအပြားရှိကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းရှိ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကိုယ်ပိုင်နံပတ် (Patient unique identification number) သတ်မှတ်ပေးနိုင်ရန် ဝိုင်းဝန်းစဉ်းစားကြစေလိုပါကြောင်း၊ ဆေးရုံဆိုင်ရာသတင်းအချက်အလက်ကွန်ပျူတာစနစ်ကို စနစ်တကျလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဘက်စုံလေ့လာသုံးသပ်၍ သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဆေးရုံသတင်းအချက်အလက်ဆိုင်ရာ ကွန်ပျူတာစနစ်ဖြစ်မြောက်ရေးနှင့် လိုအပ်သည်များကူညီပံ့ပိုးပေးလိုသည့် တော်ဝင်မိသားစုကုမ္ပဏီအား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

    
     ယင်းနောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဆေးရုံအုပ်ကြီး/ ပါမောက္ခချုပ်) ဒေါက်တာရီရီမြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်နှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအုပ်ကြီးများက ဆေးရုံဆိုင်ရာသတင်းအချက်အလက်ကွန်ပျူတာစနစ် ထူထောင်ဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသောအခက်အခဲများ၊ စဉ်စားသုံးသပ်ရမည့်အချက်များနှင့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags