ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်၍ လှည့်လည်ကြည့်ရှု

Union Minister Dr. Myint Htwe visits University of Medicine (1), Yangon

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့နှင့် အတူ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်သို့ သွားရောက်ခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် အခြေခံအုတ်မြစ်စာသင်နှစ် (foundation year)မှ သင်တန်းသား၊ သင်တန်းသူများကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာလမှ စတင်၍ “ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)” ဖြင့် သင်ကြားနေမှုအခြေအနေနှင့် ၎င်းသင်ရိုးညွှန်းတမ်းအရ အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်း (small group teaching) ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အခြေခံအုတ်မြစ်စာသင်နှစ် (foundation year) မှ သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံရာတွင် -

• ဆေးပညာအခြေခံများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိတတ်မြောက်ရေးအတွက် ကြိုးစား ကြရန်၊

• နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ဆေးပညာရှင်များဖြစ်စေရန်အတွက် အင်္ဂလိပ်စာ ဘာသာရပ်ကို ကြိုးစားလေ့လာကြရန်၊

• ပညာရပ်ထူးချွန်ရုံသာမက ဆေးပညာကျင့်ဝတ်များနှင့်ပါ ညီညွတ်သော ဆေးပညာရှင် ကောင်းများဖြစ်စေရေး ကြိုးစားကြရန် မှာကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ် (၁)၊ ခန္ဓာဗေဒဌာနမှ ခန္ဓာဗေဒခွဲစိတ်ခန်း (Cadaveric Lab) တွင် ခေတ်မီခန္ဓာဗေဒခွဲစိတ်ခုံနှင့် အထောက်အကူပြုပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုနှင့် ဆေးပညာသင်ကြားမှုတွင် အသုံးပြုရန် ကိုယ်ခန္ဓာအလှူရှင်များမှ လှူဒါန်းထားသည့် အလောင်းများကို ထားသိုသည့် အအေးခန်း တပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံအုတ်မြစ် စာသင်နှစ် (foundation year) တွင် သင်ကြားပြသသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ -

• ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်မည့် မျိုးဆက်သစ်ဆေးပညာရှင်များကို သင်ကြားပြသပေးနေမှုအပေါ်ကျေးဇူးတင်ရှိပါကြောင်း၊

• မျိုးဆက်သစ်ဆေးပညာရှင်များအတွက် လက်ဦးဆရာများဖြစ်သည့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန (Medical Skills, Simulation and Research Centre) တွင် Membership of the Royal Colleges of Surgeons (MRCS) စာမေးပွဲ ကျင်းပနေရာသို့ သွားရောက်ခဲ့ပြီး The Royal College of Surgeons of Edinburgh မှ President Professor Michael Griffin၊ Vice-President Professor Rowan Parks၊ စာမေးပွဲစစ်ဆေးသူ (Examiner) များ၊ ပြည်တွင်းမှ စာမေးပွဲစစ်ဆေးသူများနှင့်တွေ့ဆုံခဲ့ပါသည်။

 

     Membership of the Royal Colleges of Surgeons (MRCS) စာမေးပွဲများကို မြန်မာနိုင်ငံတွင် (၂၀၀၂) ခုနှစ်မှ စတင်၍ လက်ခံကျင်းပနိုင်ခဲ့ပြီး ယခုစာမေးပွဲတွင် The Royal College of Surgeons of Edinburgh မှစာမေးပွဲစစ်ဆေးသူ (Examiner) (၁၉) ဦးနှင့် ပြည်တွင်းမှ စာမေးပွဲစစ်ဆေးသူ (၈) ဦးတို့က ပြည်တွင်းမှ စာမေးပွဲဖြေဆိုသူ ဆရာဝန် (candidate) (၉၁) ဦး အား ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပါသည်။

More Tags