စတုတ္ထအကြိမ်ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲကျင်းပ

               ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကျင်းပသော စတုတ္ထအကြိမ် ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။


 

           ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ နှီးနှောဖလှယ်ပွဲသည် ကုသရေးလုပ်ငန်းများ စွမ်းဆောင်ရည်နှင့် အရည်အသွေးပိုမို ပြည့်ဝလာစေရေးအတွက် ဘွဲ့လွန်ဆေးပညာရပ်များ သင်ကြားရေး တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ဆေးပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် သမိုင်းမှတ်တိုင်သစ်တစ်ရပ်သဖွယ် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ဆေးပညာရပ် သင်ကြားရေး အပါအဝင် ကုသရေးဆိုင်ရာ ဘက်စုံဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးနှင့်   နိုင်ငံတော်ဘဏ္ဍာငွေကို အလေအလွင့် မရှိထိရောက်စွာ သုံးစွဲနိုင်ရေးတို့ကို ဦးစားပေးလုပ်ငန်းများ အဖြစ် သတ်မှတ်ထားပါကြောင်း၊ ပြောင်းလဲလာသော ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကုသရေးဆိုင်ရာ တိုးတက်လာမှုများ၊ နည်းပညာတိုးတက်လာမှုများနှင့်အညီ ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်ကြားရေးစနစ်များကို နိုင်ငံတကာအဆင့်မီ ရင်ဘောင်တန်း ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုအားအရည်အသွေးမီ ကုသစောင့်ရှောက်မှုများပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးပညာရပ်များ သင်ကြားရေးတွင် မိမိတို့ နိုင်ငံအခြေအနေနှင့် ဆီလျော်သော လက်ရှိ အရင်းအမြစ်များဖြင့် ဆောင်ရွက်နိုင်သော အချက်များကို ဦးစားပေး၍ အဆင့်အလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်နိုင်မည့်အချက်များကို အားလုံးလက်တွဲပူးပေါင်း ဆွေးနွေးကြစေလိုပါကြောင်း၊ ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးပညာသင်ကြားရေးတွင် ဆရာများ၏ အရည်အသွေးကိုပါ မည်သို့မြှင့်တင်ပေးရမည်ကိုလည်း ထည့်သွင်းစဉ်းစားကြစေလိုပါကြောင်း၊ ဆေးပညာဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စီမံချက်စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊


 

             ယခုနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာမည့် ဆွေးနွေးချက် ရလဒ်များကိုလည်း ဝန်ကြီးဌာနမှ အထူးအလေးထား ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်လုပ်ဆောင်ခြင်း၊ ဖောက်ထွက်တွေးခေါ်စဉ်းစားခြင်း၊ ရေရှည်အကျိုးကိုကြည့်ခြင်းအားဖြင့် ပြည်သူများအတွက် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ ပိုမိုထွက်ပေါ် လာမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။


 

                 ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့် အတူအမှတ်တရ ဓါတ်ပုံ ရိုက်ကူးသည်။


 

            ထို့နောက် Medical Syndicate Discussion with Medical Specialities ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ရှင်းလင်း ဆွေးနွေးခဲ့ပြီး သဘာပတိပြည်ထောင်စုဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ပါမောက္ခ/ဌာနမှူးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။


 

         စတုတ္ထအကြိမ် ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ်၊ ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အငြိမ်းစား ပါမောက္ခချုပ်များ တက်ရောက် ကြပြီး Medical ၊ Dental ၊ Medical Technology and Pharmacy ၊ Nursing ၊ Public Health Syndicate များအလိုက် အဖွဲ့များခွဲကာ ဇွန်လ(၁၉)ရက်မှ (၂၀)ရက်နေ့ အထိ နှစ်ရက်တာဆွေးနွေးကြမည် ဖြစ်သည်။

More Tags