စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွား၊ သေဆုံးမှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုအခြေအနေ (၂၀-၉-၂၀၁၈)

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်နေ့

     စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ရမ်စီ ကျေးလက်ကျန်းမာရေးဌာန၊ ရှမ်ဟဲနုတ်ညို ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင်၊ လန်သန်းကျေးရွာနှင့် ပေါ်ကွန်ကျေးရွာတို့တွင် ရာသီတုပ်ကွေး၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် (၂၅-၈-၂၀၁၈) ရက်နေ့မှ (၇-၉-၂၀၁၈) ရက်နေ့အတွင်း လန်သန်းကျေးရွာတွင် ကလေးငယ် (၄) ဦးနှင့် ပေါ်ကွန်ကျေးရွာတွင် ကလေးငယ် (၁) ဦးတို့ သေဆုံးမှုနှင့်ပတ်သက်၍ (၂၉-၈-၂၀၁၈) ရက်နေ့မှစတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုအဆင့် ကွင်းဆင်းအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များသည် ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။


 

     ကွင်းဆင်းအဖွဲ့များသည် (၂၅-၈-၂၀၁၈) ရက်နေ့မှ (၁၁-၉-၂၀၁၈) ရက်နေ့အတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ လူနာထပ်မံရှာဖွေခဲ့ရာ လန်သန်းကျေးရွာတွင် လူနာ (၆၄) ဦး၊ ပေါ်ကွန်ကျေးရွာတွင် (၂၂၈) ဦး၊ ရှန်ဟဲနုတ်ညိုကျေးရွာတွင် (၁၀၀) ဦး၊ စုစုပေါင်း (၃၉၂) ဦး တွေ့ရှိခဲ့ပြီး လိုအပ်သော ကုသမှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းအဖွဲ့သည် ယာယီဆေးခန်းများ ဖွင့်လှစ်၍ ဆေးကုသမှုပေးခဲ့ရာ အထွေထွေရောဂါဖြင့် ပေါ်ကွန်ကျေးရွာတွင် လူနာ (၁၁၈) ဦး၊ ရှန်ဟဲနုတ်ညိုကျေးရွာတွင် (၁၀၉) ဦး၊ စုစုပေါင်း (၂၂၇) ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။

     ပေါ်ကွန်ကျေးရွာမှ ကလေးငယ် (၅) ဦးနှင့် ရှန်ဟဲနုတ်ညိုကျေးရွာမှ ကလေးငယ် (၄) ဦး၏ နှာခေါင်းတို့ဖတ်နမူနာများအား ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၆-၉-၂၀၁၈) ရက်နေ့တွင် စစ်ဆေးတွေ့ရှိရသော ဓာတ်ခွဲအဖြေများအရ ပေါ်ကွန်ကျေးရွာမှ (၄) ဦးနှင့် ရှန်ဟဲနုတ်ညိုကျေးရွာမှ (၄) ဦးတွင် ရာသီတုပ်ကွေးရောဂါပိုး (Influenza A(H1N1)pdm09) တွေ့ရှိရသောကြောင့် ရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားခြင်းဖြစ်ပြီး ကွင်းဆင်းအဖွဲ့သည် အဆိုပါကျေးရွာများတွင် ဆေးကုသမှုပေးခဲ့ပြီး ရာသီတုပ်ကွေးရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါဖြစ်သဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာချေ၊ ချောင်းဆိုးလျှင် ပါစပ်နှင့်နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်၊ ရေနှင့်ဆပ်ပြာတို့ဖြင့် လက်ကိုသေချာစွာဆေးရန်၊ လူစုလူဝေးကို ရှောင်ကျဉ်ပြီး တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ရန်နှင့် တုပ်ကွေးရောဂါလက္ခဏာရှိပါက နီးစပ်ရာဆေးရုံဆေးခန်းတွင် ကုသမှုခံယူရန်စသည့် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။


 

     နန်းယွန်းမြို့နယ်အတွင်း ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကလေးငယ်များ သေဆုံးခဲ့ရခြင်းမှာ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းနှင့် ကျန်းမာရေးအသိပညာ နည်းပါးမှုကြောင့် ရောဂါဖြစ်ပွားလာချိန်တွင် အချိန်မီထိရောက်သော ကုသမှုမရရှိခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် သေဆုံးရခြင်းဖြစ်ပါသည်။

     လန်သန်းကျေးရွာ၊ ပေါ်ကွန်ကျေးရွာနှင့် ရှန်ဟဲနုတ်ညို ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများတွင် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့တို့ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိရာ (၁၁-၉-၂၀၁၈) ရက်နေ့ နောက်ပိုင်းတွင် အစုလိုက်ရာသီတုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားမှုမရှိပါ။

     နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ပတ်ဝန်းကျင်ကျေးရွာများတွင်

(၁) ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက် ရယူခြင်း၊

(၂) ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၃) ရာသီတုပ်ကွေးရောဂါ ကူးစက်ပုံနှင့် ကာကွယ်ရေးနည်းလမ်းများအား ပညာပေးခြင်း

လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 
 

 
 

 
 

 

More Tags