ငုပ်လျှိုး တီဘီရောဂါကုသမှုဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the advocacy workshop on treatment of latent Tuberculosis infection

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် M Gallery Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ငုပ်လျှိုး တီဘီရောဂါကုသမှုဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် -

• မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ရှိနေသေးသော တီဘီရောဂါ ကူးစက်ဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရေးလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားမှုအကြောင်းရင်းများ၌ ပြည်သူများ၏ လူမှု-စီးပွားရေးအခြေအနေနှင့် ကျန်းမာရေးအသိပညာကြွယ်ဝမှုတို့သည် အဓိကကျသောအကြောင်းအချက်များအဖြစ် ပါဝင်နေပြီး တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ လူမှု-စီးပွားရေး၊ စိတ်ကျန်းမာရေး စသည်ဖြင့် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ပညာရှင်များမှ နည်းလမ်းအမျိုးမျိုးဖြင့် ချိတ်ဆက်မှုအားကောင်းစွာ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေး ကဏ္ဍမှ ပညာရှင်များနှင့် ကုသရေးကဏ္ဍမှ ပညာရှင်များ အနေဖြင့်လည်း အပြန်အလှန်ချိတ်ဆက်၍ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ (၃၀) တွင်ဆက်လက်ပါဝင်နေသေးပါကြောင်း၊ အဆိုပါ တီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများ စာရင်း၌ မပါဝင်စေရန် ပိုမို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• (၂၀၁၉) ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါအစီရင်ခံစာ (Global TB report) အရ ကမ္ဘာတစ်ဝန်းတွင် လူဦးရေ (၁) သိန်းတွင် (၃၃၈) ဦးသည် တီဘီရောဂါ ဖြစ်ပွားလျက်ရှိပြီး လူဦးရေ (၁) သိန်းတွင် (၃၉) ဦးသည် တီဘီရောဂါကြောင့် သေဆုံးရပါကြောင်း၊

• ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ဆချက်များအရ ကမ္ဘာ့လူဉီးရေ၏ (၄) ပုံ (၁) ပုံခန့်တွင် တီဘီရောဂါပိုးရှိသော်လည်း ရောဂါဖြစ်ပွားမှုမရှိသည့် ငုပ်လျှိုးတီဘီ ဖြစ်ပွားနိုင်သည်ဟု တွက်ဆထားရှိပါကြောင်း၊

• ကမ္ဘာ့တီဘီရည်မှန်းချက် (End TB) (၂၀၃၅) အရ (၂၀၃၅) ခုနှစ်တွင် လူဦးရေ (၁) သိန်းလျှင် တီဘီရောဂါဖြစ်ပွားသူ (၁၀) ဦးအောက် လျော့နည်းစေရေးအတွက် မြန်မာနိုင်ငံတွင်လည်း မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• (၂၀၁၈) ခုနှစ်တွင် မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားနိုင်သူ (၁၈၀,၀၀၀)ဟု ခန့်မှန်း ထားသော်လည်း မိမိတို့အနေဖြင့် (၁၄၀,၀၀၀) ဦးခန့်ကိုသာ ရှာဖွေဖော်ထုတ် ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊

• အဆိုပါခန့်မှန်းချက်များ တိကျမှန်ကန်မှုရှိပါက တီဘီရောဂါဖြစ်ပွားသော်လည်း မိမိကိုယ်တိုင် သတိပြုမိမှု မရှိသောတီဘီရောဂါ လူနာ (၄၀,၀၀၀) ခန့်ကို ဆက်လက်ရှာဖွေ၍ ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်တားဆီးနှိမ်နင်းမှု လုပ်ငန်းများသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမရှိဘဲ မည်သို့မျှအောင်မြင်စွာဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ ပြည်သူလူထုမှ စိတ်ပါဝင်စားပြီး လူထုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် တီဘီရောဂါဖြစ်ပွားသူများအား အရှိန်အဟုန်ဖြင့် ရှာဖွေကုသမှုပေးခြင်း (accelerated TB case finding) လုပ်ငန်းစဉ်များဖြင့် ဓါတ်မှန်စက်တပ်ဆင် ထားသောရွေ့လျားတီဘီရောဂါရှာဖွေ ရေးအဖွဲ့များမှ ကျေးလက်ဒေသ၊ ခက်ခဲဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များစသည်တို့အထိ ကွင်းဆင်းရောဂါရှာဖွေကုသမှု ပေးလျက်ရှိပါကြောင်း၊

• တီဘီရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တီဘီရောဂါဖြစ်ပွားလူနာသတင်းကို မဖြစ်မနေ အကြောင်းကြားရန် (Mandatory TB case Notification) ကြေညာချက်ကို (၂၀၁၈)ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်နိုင်ခဲ့ခြင်းသည်လည်း လူနာသစ်ရှာဖွေရေးနှင့် ကုသရေး လုပ်ငန်းဆောင်ရွက်မှုမျးအတွက် များစွာအကျိုးရှိစေခဲ့ပါကြောင်း၊

 

• ကမ္ဘာ့နိုင်ငံများတွင် တီဘီရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် (၁) ရာခိုင်နှုန်းခန့်သာ ကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများ၊ နှီးနွှယ်ဆက်စပ် အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် တီဘီရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် (၄.၈) ရာခိုင်နှုန်းအထိကျဆင်းလျက်ရှိပါကြောင်း၊

• (၂၀၁၈) ခုနှစ် ကုလသမဂ္ဂအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် (၂၀၁၀) ခုနှစ်မှ (၂၀၂၂) ခုနှစ်အထိ ကမ္ဘာတစ်ဝန်းတွင် တီဘီရောဂါဖြစ်ပွားသူ သန်း (၄၀) ဦးကို ကုသမှုပေးရန်နှင့် ငုပ်လျှိုးတီဘီရောဂါရှင် သန်း (၃၀) ဦးကို ရှာဖွေကုသမှုပေးရန်တို့ကို သံဓိဌာန်ချမှတ်ထားခဲ့ပါကြောင်း၊

 

• ထိုသို့ ငုပ်လျှိုးတီဘီရောဂါရှင်များကို ရှာဖွေကုသမှုပေးရန်အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး (HIV) ရှိသူများတွင်လည်း တီဘီရောဂါကြိုတင်ကာကွယ်မှုကုထုံးဖြင့် ကုသမှုပေးရန် လိုအပ်ပါကြောင်း၊

• ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများအား ဆေးပေးကုသမှုပေးသည့် ART ဌာနများတွင် အသစ်လာရောက်ပြသသည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူ လူနာများအနက် (၁၅) ရာခိုင်နှုန်းကိုသာ ငုပ်လှိျုးတီဘီရောဂါ ကာကွယ်နိုင်ရန်ဆေး (Isoniazid) ပေးနိုင်ခဲ့ပါကြောင်း၊

 

• ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစမ်းသပ်မှု နည်းစနစ်များနှင့် ကုသမှုကုထုံးများ ဆန်းသစ်တိုးတက်လျက်ရှိရာ ယခုဆွေးနွေးပွဲတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူများ၌ တီဘီရောဂါ ကာကွယ်ခြင်း၏ အရေးကြီးပုံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ခံထားသော ကုထုံးသစ်များသည် အချိန်တိုကာလအတွင်း ကုသမှုပြီးမြောက်စေရန် အားသာပုံတို့ကို အသိပေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော TPR Regimen အသစ်တစ်ခုဖြစ်သည့် Isoniazid နှင့် Rifapentine ဆေးပေါင်းကို တစ်ပတ်လျင် တစ်ကြိမ်နှင့် (၁၂) ပတ် ပေးခြင်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ငုပ်လှိျုးတီဘီကို ကုသလျက်ရှိသော ကုထုံးထက် အားသာချက်များရှိသော ကြောင့် ကုထုံးသစ်ကို pilot study အဖြစ် အသုံးပြုသွားရန် စီစဉ်လျက်ရှိပါကြောင်း၊

 

• တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးချသုတေသနလုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်စေလိုပြီး တီဘီရောဂါဖြစ်ပွားမှုရှိ၊ မရှိကို ကျန်းမာရေးဌာနတွင် လာရောက်စစ်ဆေးမှုခံယူခြင်း၊ ရောဂါ ဖြစ်ပွားမှုရှိပါက စောစီးစွာကုသမှုခံယူခြင်း၊ အာနိသင်ထိရောက် ဆေးကုသမှုကို သတ်မှတ်အချိန်ကာလအပြည့်အဝခံယူခြင်းစသည်တို့နှင့် ပတ်သက်သော အခြေခံအကြောင်းအရာ၊ သဘောတရားကို ဖော်ထုတ်သိရှိနိုင်ရန်အတွက် အပြုအမူ၊ အရည်အသွေးနှင့် ခံယူချက်ပိုင်းဆိုင်ရာ သုတေသန (qualitative research) များကိုလည်း ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့တီဘီရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည့်မီရန်နှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူများတွင် တီဘီရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်းစေရန် တီဘီရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်းသာမက ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစစ်ဆေး ကုသမှုများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆွေးနွေးပွဲတွင် အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဉီးက “Current situation and countermeasures of HIV treatment and IPT in Myanmar” ကိုလည်းကောင်း၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာချိုချိုစန်းက “Overview IPT in children in Myanmar” ကိုလည်းကောင်း အသီးသီးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများ၊ ကုသမှုပညာရှင်များ၊ ပြည်သူကျန်းမာရေးပညာရှင်များက ငုတ်လျှိုးတီဘီရောဂါကုသမှု ကုထုံးလမ်းညွှန်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ၊ အကြံပြုမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags