ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဌနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဌ Mr. Hideo Watanabe နှင့်အဖွဲ့အား ဖေဖော်ဝါရီ (၁၅)ရက်နေ့၊ ညနေ (၄:ဝဝ) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဌ Mr. Hideo Watanabe က မြန်မာနိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမားများ အောင်မြင်မှုရရှိစေရေး ကူညီဆောင်ရွက်ပေးလိုကြောင်း၊ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ပြုစုရေးသင်တန်းကျောင်း ဖွင့်လှစ်၍ မြန်မာနိုင်ငံသားများကို လေ့ကျင့်သင်ကြားပေးပြီး ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်နိုင်ရေး၊ သီလဝါအထူးစီးပွားရေးဇုံအတွင်း ဆေးခန်းတစ်ခုဖွင့်လှစ်နိုင်ရေး၊ ရန်ကုန်မြို့တွင် နိုင်တကာအဆင့်မီ အထူးကုဆေးရုံတစ်ရုံ ဆောက်လုပ်ပေးနိုင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား သွားစိုက်ခုံများ လှူဒါန်းမည့်အစီအစဉ်များကို ပြောကြားဆွေးနွေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အားကစားနှင့်ကျန်းမာရေးကဏ္ဍအတွက် ထောက်ပံ့ကူညီနေမှုများကို ကျေးဇူးတင်ပါကြောင်း၊ ဂျပန်အားကစားနည်းပြများ မြန်မာနိုင်ငံသို့လာရောက်ပြီး လေ့ကျင့်သင်ကြားပေးလိုပါက ကြိုဆိုပါကြောင်းနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားရန် အသင့်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ပြုစုရေးသင်တန်းကျောင်းများ ဖွင့်လှစ်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်းဆက်သွယ်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။


 

     တွေ့ဆုံပွဲ့သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူး(သွားနှင့်ခံတွင်း) ဒေါက်တာခင်မောင်နှင့် တာဝန်ရှိသူများ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဌ Mr. Hideo Watanabe၊ အထွေထွေအတွင်းရေးမှူး Mr. Yusuke Watanabe၊ ဂျပန်နိုင်ငံ GC communication မှ Chairman Mr. Nakao Kiyotaka၊ Chief Executive Officer Mr. Yoshio Saruya၊ Tokyo University မှ Professor Katayama Akihiko တို့ တက်ရောက်ကြပါသည်။

More Tags