ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ရန်ကုန်နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါ အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့၊ နေ့လယ်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သော ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ရန်ကုန်နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါ အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း (The Project for Construction of New Yangon Specialist Hospital) အသိပေးမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

      မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ H.E Mr. Ichiro Maruyama က ပြောကြားရာတွင် -

• မြန်မာနိုင်ငံပြည်သူတို့အကြား နှလုံးရောဂါနှင့် ဦးနှောက်၊ အာရုံကြောရောဂါဖြစ်ပွားခံစားရသည့်အခါတွင် ကောင်းမွန်ထိရောက်သော ခေတ်မီကုထုံးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံအစိုးရ၊ JICA အဖွဲ့တို့အနေဖြင့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

• ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူပြုမည်ဖြစ်ပြီး ဤဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို မြှင့်တင်ပေးရာတွင် ကောင်းမွန်သော အခြေခံအဆောက်အဦတစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့်

• အထူးကုဆေးရုံသစ်ကြီးတည်ဆောက်ပြီးပါက ကျန်းမာရေးဝန်ထမ်းများအတွက် လက်တွေ့သင်ကြားလေ့ကျင့်ခြင်းနှင့် နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါများအတွက် မြန်မာ-ဂျပန် နည်းပညာ ပူးပေါင်း၍ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း တို့ကိုပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကြီးအကဲ Mr. Masayuki Karasawa က ပြောကြားရာတွင် -

• JICA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ဆေးရုံများ၊ ကျန်းမာရေးဌာနများကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောက်လုပ်ပေးခဲ့ပြီး အခြားကျန်းမာရေးဆိုင်ရာကိစ္စရပ်တွင်လည်း ပူးပေါင်းကူညီခဲ့ပါကြောင်း၊

• ဆေးရုံသစ်ကြီးတွင် မြန်မာပြည်သူများအကြား ဖြစ်ပွားမှုများပြားလာသည့် နှလုံးရောဂါနှင့် ဦးနှောက်အာရုံကြောရောဂါတို့အတွက် နှလုံးရောဂါဆေးပညာ(Cardiology)၊ နှလုံးခွဲစိတ်ကုသမှုပညာ(Cardiac Surgery)၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုပညာ (Neurology)၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာ (Neurosurgery) ဌာနများဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ကြောင်းနှင့်

• ယခင် JICA မှ ဆောက်လုပ်လှူဒါန်းခဲ့သော ရန်ကုန်အထွေထွေရောဂါကုဆေးရုံ သစ်ကြီးကဲ့သို့ ရန်ကုန်မြို့၏ အချက်အချာကျသော မြို့လယ်နေရာတွင် တည်ရှိသဖြင့် လူနာလွှဲပြောင်းပေးပို့ရာတွင်လည်း အဆင်ပြေကာ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ သိသာထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်းတို့ကိုပြောကြားခဲ့ပါသည်။


 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဂျပန်နိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ JICA အဖွဲ့တို့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့အကြား ကာလတာရှည် ရင်းနှီးချစ်ကြည်စွာပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် လားရှိုး၊ လွိုင်ကော်၊ မကွေး ဆေးရုံကြီးများကို အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း၊

• ယခုလို အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နိုင်မည်ဖြစ်ခြင်းသည် ဂျပန်နိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မိမိအပါအဝင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အဆင့်ဆင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပြီး မြန်မာ-ဂျပန် ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်ပါကြောင်း၊

• ယခုကဲ့သို့သော လှုဒါန်းထောက်ပံ့ပေးမှုတို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊

• မြန်မာနိုင်ငံတွင် လူနေထိုင်မှုပုံစံများပြောင်းလဲလာသည့်အလျောက် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နောက်ဆက်တွဲရောဂါ များဖြစ်သော လေဖြတ်ခြင်းအပါအဝင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများပါ များပြားလာသဖြင့် အဆိုပါရောဂါများအတွက် အဆင့်အတန်းမြင့်မားသော ဆေးကုသစောင့်ရှောက်မှုပေးနိုင်ရေးမှာ ပြည်သူအားလုံးအတွက်ဖြစ်၍ အလွန်အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊

• ယခုအထူးကုဆေးရုံသစ်ကြီးပြီးစီးပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နှလုံးရောဂါကု ဌာနများနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါအထူးကုဌာနများအား ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် ပိုမိုကောင်းမွန်စွာ ကုသပေးနိုင်ရုံသာမက ဘွဲ့လွန်ဆရာဝန်များကိုလည်း ပိုမိုသင်ကြား လေ့ကျင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊

• ဆေးကုသမှုဆောင်ရွက်ခြင်းအပြင် မြန်မာ-ဂျပန် ပညာရှင်များပူးပေါင်း၍ (Multicentric Research, Clinical Trial) စသည့် ကုသမှုပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကိုပါ ယှဉ်တွဲလုပ်ဆောင်၍ အဆိုပါ သုတေသနများမှ ရရှိသော အချက်အလက်များအား ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လက်တွေ့အသုံးချသွားနိုင်ခြင်းကြောင့် ကုသရေးစွမ်းရည်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊

• အထူးကုဆေးရုံသစ်ကြီးသည် ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက်လည်းကောင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်လည်းကောင်း အထူးအရေးပါကြောင်းတို့ကိုပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အကြီးအကဲတို့နှင့်အတူ ဆေးရုံသစ်ကြီး တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြရာ အဆိုပါစီမံကိန်း၏ Chief Consultant ဖြစ်သူ Mr. Tadayoshi Tsumoto က အဆောက်အဦဒီဇိုင်းပုံစံကို ရှင်းလင်းတင်ပြခဲ့ပါသည်။

    နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အထူးကု (၇)ထပ် ဆေးရုံသစ်ကြီးကို လမ်းမတော်မြို့နယ်ရှိ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) အကြားရှိ မြေနေရာတွင် (၂၀၁၉)ခုနှစ်မှစတင်၍ တည်ဆောက်သွားမည်ဖြစ်ပြီး (၂၀၂၁)ခုနှစ်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ပါသည်။

     ဂျပန်နိုင်ငံအစိုးရက ဂျပန်ယန်းငွေ (၈၆၆၁)သန်းအား ဆေးရုံအဆောက်အဦဆောက်လုပ်ရန်နှင့် ဆေးရုံသုံးစက်ပစ္စည်းအချို့အတွက် ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅)ခန့် တန်ဖိုးရှိ အဓိကဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ဖြည့်တင်းရန်ထည့်ဝင်သွားမည်ဖြစ်ပါသည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်သက်ခိုင်ဝင်း၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ နှလုံးရောဂါအထူးကုဌာနများနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါအထူးကုဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ဂျပန်နိုင်ငံသံရုံးနှင့် JICAတို့မှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

 
 

More Tags