မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ကျင်းပခဲ့သည့် ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ကျိုက်မရော၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ကျင်းပခဲ့သည့် ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကား ပြောကြားရာတွင် -

• ယခုကဲ့သို့ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မွန်ပြည်နယ် ကျိုက်မရော၊ ဘီးလင်း နှင့် ချောင်းဆုံမြို့နယ်တို့တွင် အသုံးပြုဆောင်ရွက်နိုင်ခြင်းသည် အလွန်ကောင်းမွန်၍ မင်္ဂလာရှိလှပါကြောင်း၊

 

• မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှုများအပါအဝင် မတော်တဆထိခိုက်မှုများနှင့် အရေးပေါ် အခြေအနေများကြောင့် မသန်မစွမ်းဖြစ်မှုနှင့် သေဆုံးမှုများ များပြားလျက်ရှိရာ ယခု ခေတ်မီ ဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ကိုအသုံးပြု၍ အချိန်တိုအတွင်း စစ်ဆေး အဖြေရှာ၍ ထိရောက်စွာ ကုသမှုပေးနိုင်မည်ဖြစ်ပါကြောင်း၊

• ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ဖြင့်ရောဂါ စစ်ဆေးခြင်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပိုမိုကောင်းမွန် ဖွံ့ဖြိုးစေရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပထမဆုံးအဖြစ် မွန်ပြည်နယ်၌ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) အသုံးပြုဆောင်ရွက် နိုင်ခြင်းသည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၏ နမူနာကောင်းဖြစ်ပြီး ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိ မှတ်တမ်းတင်အပ်ပါကြောင်း၊

• ယခုဓာတ်မှန်စက်ကို အသုံးပြု၍ ဓာတ်မှန် ဆရာဝန်မရှိသည့် နေရာတစ်နေရာတွင် ရိုက်ထားသည့် ဓာတ်မှန်ကို အဝေးတစ်နေရာရှိ ဓာတ်မှန်ပါရဂူ/ ပါမောက္ခကြီးတစ်ဦးက ရောဂါအဖြေရှာစစ်ဆေးပေးနိုင်ကာ ပိုမိုအရည်အသွေး ပြည့်ဝသော ကုသမှုမျိုး ပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူများ အထူးသဖြင့် သွားလာရခက်ခဲသော နေရာဒေသများတွင် နေထိုင်သူများအတွက် လွန်စွာ အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ကျိုက်မရော၊ ဘီးလင်းနှင့် ချောင်းဆုံမြို့နယ် (၃)ခုတွင်အသုံးပြုရန် Digital ဓာတ်မှန်စက်များနှင့် ဆက်စပ်ပစ္စည်းများအတွက် ဘဏ္ဍာငွေ ကျပ် သိန်း (၄၂၀၀) ခန့် ကျခံ သုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊

• မွန်ပြည်နယ်တွင် ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် အသုံးပြု ဆောင်ရွက်မှုများကို ဆန်းစစ်သုံးသပ်ပြီး အတွေ့အကြုံများကို အခြေခံ၍ သွားလာရခက်ခဲသော ချင်း၊ ကချင်နှင့် ကယား ပြည်နယ်များ ဦးစားပေးသတ်မှတ်ကာ အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဤကဲ့သို့ ခေတ်မီ ဆက်သွယ်ရေး နည်းပညာကို ကျန်းမာရေးကဏ္ဍတွင် ပိုမိုထိရောက်ကျယ်ပြန့်စွာ အသုံးပြုခြင်းဖြင့် နိုင်ငံတော်မှ အကောင်အထည် ဖော်ဆောင်ရွက်နေသော e-Government စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူပြု နိုင်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှသာ နိုင်ငံတစ်ဝှမ်း တစ်ပြေးညီသော ကျန်းမာရေး လွှမ်းခြုံမှု ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေး သတင်းအချက်အလက်၊ စာရင်းဇယားများကိုသာမက စစ်တမ်းများကိုပါ ကောက်ယူနိုင်ပြီ ဖြစ်ပြီး ယခုကဲ့သို့ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ဖြင့် ရောဂါစစ်ဆေးအဖြေထုတ်ခြင်း လုပ်ငန်းများတွင် Mobile Tablet များကို အသုံးပြုဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဆက်လက်၍လည်း ခေတ်မီ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး (continued medical education)နှင့် ဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး (continued professional development) လုပ်ငန်းများအပါဝင် ကျန်းမာရေးစနစ်ကြီး တစ်ခုလုံးပိုမို ကောင်းမွန်စေရေး (health system strengthening) ကိုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် အကောင်းမြင်စိတ်ဓာတ် (positive perspective) များဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ရွှေဇနက အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က ခေတ်မီ ဆက်သွယ်ရေးနည်းပညာသုံးဓာတ်မှန်စက် အသုံးပြု ဆောင်ရွက်နိုင်ရန် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြား ခဲ့ပါသည်။

     ယင်းနောက် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ခေတ်မီ ဆက်သွယ်ရေးနည်းပညာသုံးဓာတ်မှန်စက်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကျိုက်မရောမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော် ထံလွှဲပြောင်း ပေးအပ်ခဲ့ ပါသည်။

 

     ဆက်လက်၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် တို့က ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် အတူ ဓာတ်မှန်စက် အသုံးပြုဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

     ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် မွန်ပြည်နယ် ကျိုက်မရော၊ ဘီးလင်း နှင့် ချောင်းဆုံမြို့နယ်တို့တွင် စတင် အသုံးပြုလျက်ရှိပြီဖြစ်ပါသည်။

 
 

     အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံး ယာယီတာဝန်ခံ Dr. Sumit Seth၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒေါက်တာစံရွှေဝင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၁)နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ အရာရှိကြီးများ၊ ရပ်မိရပ်ဖများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

 

 
 

More Tags