ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးရာဒေသများရှိ ယာယီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်သူများအား ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများဖွင့်လှစ်၍ ကုသပေးခြင်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များအား အာဟာရတိုင်းတာစစ်ဆေးခြင်း၊ အာဟာရဆေးဝါးများထောက်ပံ့ပေးခြင်း၊ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့အပြင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။


 

     သြဂုတ်လ (၁၆) ရက်နေ့တွင် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း ဦးဆောင်၍ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲ၊ အာဟာရဌာနခွဲနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် ရွှေယဉ်မျှော်ဘုရား ကယ်ဆယ်ရေးစခန်း၊ ဆိုင်ကလုန်းရှက်တာ ကယ်ဆယ်ရေးစခန်း၊ မဲဘောင်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မပီယဘေးမဲ့ကျောင်း၊ ဝါဆိုဦးသာသနာ့ယံသီကျောင်း၊ အထက (၃) အားကစားရုံနှင့် မြို့မဂျာမေဗလီ ကယ်ဆယ်ရေးစခန်းတို့၌ ကျန်းမာရေးအသိပညာပေးပွဲများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     သြဂုတ်လ (၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု အထက်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၊ ရွှေစည်သာစျေးချို၊ ပန်းရဂုံကားဝင်းတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘားအံမြို့နယ် ပြည်နယ်အားကစားရုံ့၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတို့၌လည်း ကျန်းမာရေးအသိပညာပေးပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။


 

     ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

     ထိုသို့ကျန်းမာရေးအသိပညာပေးပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူ (၁၈၁၇) ဦးအား ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေးအသိပညာပေးခြင်း၊ အာဟာရအကြောင်း အသိပညာပေးခြင်း၊ အစားအစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေး၊ ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် အသက် (၅) နှစ် အောက်ကလေးငယ်များအား အာဟာရတိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး Community Partners International အဖွဲ့မှလည်း ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။

 
 

More Tags