ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ဖွင့်ပွဲကျင်းပ

      အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်(လ်)ဖောင်းရှိုနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြပါသည်။


 

     ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်းကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် အားကစားခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပါသည်။


 

    ပြည်တောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့တိုင်းပြည်၏ အနာဂတ်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ ယနေ့လူငယ်များဖွံ့ဖြိုးတိုးတက်မှ အနာဂတ်နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ လူငယ်များ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန် မည်သို့ ရေရှည်ဆက်လက် လုပ်ဆောင်သွားရမည်ကို ဝိုင်းဝန်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသော ပြည်နယ်များအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

      ယခုဖွင့်လှစ်သော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်) ၌ တက်ရောက် ပညာသင်ကြား လေ့ကျင့်ကြမည့် လူငယ်များအနေဖြင့် စည်းကမ်းကောင်းမွန်ပြီး စည်းစနစ်ရှိကာ ဆရာ၊ ဆရာမများ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုကို တစ်သွေမတိမ်းလိုက်နာကာ ပညာများကိုသင်ယူလေ့ကျင့်ရန် အလွန်အရေးကြီးပါကြောင်း၊ လူငယ်ဘဝကပင် စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်ပြီး ကြီးပြင်းလာပါက ဘဝရှေ့ရေးတွင် အားကစားသမားကောင်းများ နိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများအဖြစ်ကို ရရှိမည်ဖြစ်ပါကြောင်း၊ လူငယ်များကို ကောင်းမွန်သောအနာဂတ်ဖြစ်အောင် ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ပေးရန် မိမိတို့အားလုံး တာဝန်ရှိသကဲ့သို့ အကောင်းဆုံးပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊


 

     တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေခြင်းကို အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာစေရေးနှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းအား မိမိတို့၏ ကိုယ်ပိုင်ကျောင်းကဲ့သို့ သဘောထားဆောင်ရွက်ကာ ကျောင်း၏ ကောင်းရာကောင်းကျိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြစေလိုကြောင်း၊ လက်ရှိဖွင့်လှစ်ပြီး သိပ္ပံကျောင်း (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) (၄)ကျောင်းအား လူသစ်ရွေးချယ်မှု၊ နည်းပြများအခြေအနေ၊ အားကစားနည်းအလိုက် ကွင်းရုံ အခြေအနေ၊ ငွေကြေးသုံးစွဲမှုအခြေအနေ၊ ကျောင်းသားကျောင်းသူများ တက္ကသိုလ်အောင်မြင်မှု အခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရာ နောက်ဆုံးအစီရင်ခံစာများ ရရှိထားပြီးဖြစ်ပါကြောင်း၊ ၎င်းတွေ့ရှိချက်များကို အခြေခံ၍ အကောင်းဆုံးမဟာဗျူဟာများ ရေးဆွဲပြီး ပြောင်းလဲလာသောအခြေအနေ၊ အချိန်အခါနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

      အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ အသစ်ဖွင့်လှစ်နိုင်မှုကြောင့် အားကစားလောက၏ အနာဂတ်ရောင်ခြည်သည် ယခုထက်ပိုမို ထွန်းတောက်လာမည်ဖြစ်ကြောင်း၊ အားကစားသည်ယခုလုပ် ယခုအောင်မြင်သော အလုပ်မဟုတ်ဘဲ ရေရှည်အခြေခံအုတ်မြစ်များ ကောင်းကောင်း ချမှတ် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ ဘဝရှေ့ရေးအတွက် ပိုမိုကြိုးစားကြစေလိုကြောင်း၊ အားကစားသိပ္ပံကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား B.Sc(Sports)သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး အားကစားထူးချွန်သူ များအား ဝန်ကြီးဌာနများတွင် အလုပ်တာဝန်များ ခန့်အပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊

     လက်ရှိနိုင်ငံ့ လက်ရွေးစင်အားကစားသမားအများစုသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များမှ ထွက်ရှိသူများ ဖြစ်ကြောင်း၊ အားကစားကို လက်ရှိထက်ပိုပြီး သိပ္ပံနည်းကျလေ့ကျင့်ရန်နှင့် သုတေသန ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားကို တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် နိုင်ငံ တကာ ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု အောင်မြင်မှုရရှိအောင် ရည်ရွယ်ချက်ထား၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရန်အတွက် ယခုနှစ် အောက်တိုဘာ လတွင် တာဝန်ရှိသူများနှင့် ပညာရှင်များပူးပေါင်းကာ အားကစားပြုလုပ်ခြင်းသည် ဆေးတစ်မျိုး ဖြစ်သည်ဟူသောစာတမ်းဖတ်ပွဲမှ ထွက်ရှိလာသော ဆောင်ရွက်ရန်အချက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

    အားကစားတွင် အောင်နိုင်ရေးရရှိရန်အတွက်လည်း အားကစားအဖွဲ့ချုပ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလအတွင်း၌လည်း အားကစားနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ အားကစားပညာရှင်များဖြင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ကာ အကောင်းဆုံးအကြံဉာဏ်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ရုံများကို စာရင်းပြုစု၍ ပြုပြင် မွမ်းမံဆောင်ရွက်သွားပြီး ပြည်သူများ အခမဲ့ဝင်ရောက် လေ့ကျင့်နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။


 

     ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) တည်ဆောက်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။



 

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသော ပြခန်းငယ်အားကြည့်ရှုအားပေးကာ စာသင်ဆောင်၊ စားရိပ်သာ၊ ပဲနို့ကြိတ်စက်အခန်း၊ လေ့ကျင့်မည့် ဘောလုံးကွင်းနှင့် ဆေးပေးခန်းအား လှည့်လည် ကြည့်ရှုပြီးနောက် ကယားပြည်နယ် ရေကူးကန်သို့ သွားရောက်ကြည့်ရှုပါသည်။

More Tags