ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ Office of Inspector General(OIG) မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr. Augustine Agyeman-Duah အား ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး လက်ခံတွေ့ဆုံ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၉) နာရီတွင် တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာ၌ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) မှ တာဝန်ပေးအပ်ထားသော Office of Inspector General(OIG) မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr. Augustine Agyeman-Duah နှင့်အဖွဲ့အားလက်ခံ တွေ့ဆုံခဲ့ပါသည်။


 

     OIG မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr. Augustine Agyeman-Duah က ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ရာ၌ အဆိုပါရောဂါ (၃) မျိုးတိုက်ဖျက်ရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်တိုးတက်မှုများရှိသည်ကို တွေ့ရှိရကြောင်း၊ Myanmar Health Sector Coordinating Committee (MHSCC) ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်တကျရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် INGO များ၊ ဒေသဆိုင်ရာ INGO များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းများ ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်နေသည့်အချက်များကို အကြံပြုပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှပေးသော အထောက်အပံ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားနိုင်ရေး အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်ကို ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာနှစ် (Year of data and information) နှင့် ဘဏ္ဍာငွေများကို ကျိုးကြောင်း လျော်ညီစွာခွဲဝေချထားခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းနှစ် (Year of rational budget allocation, proper monitoring and efficient utilization of budget) များအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂၀၁၇-၂၀၂၁) ကို ရေးဆွဲပြီးဖြစ်ကြောင်း၊ OIG အဖွဲ့၏ လေ့လာတွေ့ရှိချက်များ၊ အကြံပြုချက်များကို အလေးအနက်ထားစဉ်းစားသုံးသပ်ပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အဆိုပါလေ့လာတွေ့ရှိချက်များ ပြန်လည်တင်ပြသောဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်ရေး) ဒေါက်တာသန္တာလွင်၊ လက်ထောက်အတွင်းဝန် (ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ) ဒေါက်တာကျော်ခိုင်၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် မန်နေဂျာများ၊ OIG၊ Global Fund တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags