ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) အဖွဲ့၊ University of California, San Francisco (UCSF) မှ Professor Roly Gosling, Professor of Epidemiology and Biostatistics, Director of Malaria Elimination Initiative, Global Health Group ဦးဆောင်သောအဖွဲ့တို့အားတွေ့ဆုံ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) အဖွဲ့မှ Dr. Urban Weber, Head, High Impact Asia, Global Fund ဦးဆောင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ (၆-၁၂-၂၀၁၇)ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

     ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ဆွေးနွေးရာတွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့ဖြင့်ဆောင်ရွက်ရာတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံသည် သိသာထင်ရှားသောအောင်မြင်မှုများကို အချိန်တိုအတွင်းရရှိခဲ့သည့် (Flagship Country) ဖြစ်ကြောင်း ဦးစွာပြောကြားသည်။


 

     ဆက်လက်၍ ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့ ဖြင့် ဆောင်ရွက်သော ရောဂါကြီး (၃)မျိုး စီမံချက်လုပ်ငန်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အား အကဲဖြတ်ခြင်းပြုလုပ်မည့် Office of Inspector General (OIG) အဖွဲ့လာရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ လုံးဝကင်းစင်ရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် 'RAI2E" စီမံချက်နှင့်စပ်လျဉ်း၍လည်းကောင်း၊ တီဘီနှင့် HIV/ AIDS ရောဂါများတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ဆက်လက် ပံ့ပိုးသွား မည့်အခြေအနေ များကိုလည်းကောင်း ဆွေးနွေးခဲ့သည်။

     ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် ရောဂါကြီး (၃)မျိုး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ အောင်မြင်မှုများရရှိနိုင်ရေးအတွက် ရန်ပုံငွေများထောက်ပံ့ပေးခဲ့ပြီး ဆက်လက် အကူအညီများပေးလျက်ရှိသော ကမ္ဘာ့ရန်ပုံငွေအဖွဲ့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်ပတ်သက်လျင် သုံးစွဲသူများကို အရေးယူခြင်းထက် ပညာပေးခြင်းနှင့် မိမိဆန္ဒအလျောက် ကုသမှုကို ခံယူလာစေရန် စည်းရုံးရမည်ဖြစ်ပါကြောင်း၊ ငှက်ဖျားရောဂါကင်းဝေးရေးဆောင်ရွက်ရာတွင် ရောဂါပိုးသယ်ဆောင် ကူးစက်ပျံ့နှံ့စေသော ခြင်များနှင့် ၎င်းခြင်များ၏ ပိုးသတ်ဆေးယဉ်ပါးမှု အခြေအနေများကိုလည်း အရေးကြီးသော ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ လုပ်ငန်းစွမ်းဆောင်ရည် ဆန်းစစ်သုံးသပ်သောအဖွဲ့ (OIG) ရောက်ရှိလာခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို မတူညီသည့် ရှုထောင့်မှ ကြည့်ရှုမည်ဖြစ်၍ အမြင်များဖလှယ်ပြီး လုပ်ငန်းများပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တီဘီရောဂါ ဖြစ်ပွားမှုများကို ထိရောက်စွာလျော့ချသွားနိုင်ရန်အတွက် ပြည်သူလူထုအတွင်း တိမ်မြုပ်နေသော တီဘီရောဂါဖြစ်ပွားနေသူများအား ရှာဖွေဖော်ထုတ်ကုသခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

     မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ HIV/ AIDS၊ တီဘီရောဂါ၊ ငှက်ဖျားရေးရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးရာတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ (၉၄.၀၄)သန်း၊ HIV/ AIDS ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ (၁၂၉.၉၆)သန်းနှင့် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ (၉၇.၄၄)သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၂၁.၄၄) သန်း ရန်ပုံငွေ ဆက်လက်ထောက်ပံ့လှူဒါန်းမည်ဖြစ်သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် University of California, San Francisco (UCSF) မှ Professor Roly Gosling, Professor of Epidemiology and Biostatistics, Director of Malaria Elimination Initiative, Global Health Group ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအပါအဝင် ကူးစက်နှင့်မကူး စက်ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများတွင် ငွေရေး၊ ကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ယခုထက်ပိုမိုကောင်းမွန်စေရေးအတွက် University of California, San Francisco (UCSF)နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးခဲ့ပါသည်။

More Tags