ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်)၊ ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး Dr. Elilarasu Renganathan ခေါင်းဆောင်သော WHO Country office evaluation and organizational learning team အား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Dr. Elilarasu Reganathan, Director-General’s Representative for Evaluation and Organizational Learning

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၁၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်)၊ ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး Dr. Elilarasu Renganathan ခေါင်းဆောင်သော WHO Country office evaluation and organizational learning team အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် Dr. Elilarasu Renganathan နှင့် အဖွဲ့က -

• (၂၀၁၆) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုံး၏ ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်မှုနည်းပညာရပ်ပိုင်း ဆိုင်ရာများ ပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျေနပ်မှု ရှိ/ မရှိကို သိရှိလိုပါကြောင်း၊

• ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် အဆင့်မြင့်အရာရှိကြီးတစ်ဦးအဖြစ် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့ဖူးသည် ဖြစ်သည်နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုံး၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အတွေ့အကြုံများ၊ သုံးသပ်ထင်မြင်ချက်များနှင့် အကြံပြုချက်များကို ပေးအပ်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မိမိအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဖြစ်သည်နှင့်အညီ အကြံပြုချက်များ ပေးအပ်သွားလိုပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုံး၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးနှင့် ဌာနချုပ်တို့မှ ကျွမ်းကျင်မှုနည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ၊ အကြံပြုချက်များနှင့် ကျန်းမာရေးလောကနှင့်ပတ်သက်သော နောက်ဆုံးပေါ်သတင်းအချက်အလက်များ၊ state-of-the-art technique and situations ကို ဝန်ကြီးဌာနအတွက်ပေးအပ်ရန်တာဝန်ရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းများအရ နိုင်ငံတကာရှိ ကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အခြားအဖွဲ့အစည်းများနှင့် တန်းတူအခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုနည်းပညာအဆင့်အတန်းသည် အခြား နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများထက် အမြဲတမ်းသာလွန်မြင့်မားစေလိုပါကြောင်း၊


 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အခြားနိုင်ငံများ၌ ပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် အတွေ့အကြုံများကိုလည်း မျှဝေပေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနနှင့် အစည်းအတားမရှိဘဲ ညီရင်းအစ်ကိုများသဖွယ် အချိန်နှင့် တစ်ပြေးညီ ရင်းနှီးပွင့်လင်းစွာဖြင့် ပိုမိုထိတွေ့ဆောင်ရွက်စေလိုပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ရုံးချုပ်နှင့် အရှေ့တောင်အာရှဒေဆိုင်ရာရုံးတို့မှ ပညာရှင်များနှင့် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံသို့ ယခုထက်ပိုမိုလာရောက်စေလိုပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် 13th Global program of work ၏ ရည်မှန်းချက်များဖြစ်သော 3 billion target ကို ပြည့်မီရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် ရန်ပုံငွေများကို အဆိုပြုလျာထားတင်ပြရေးနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားစေလိုပါကြောင်း၊


 

• ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုံးမှ ဝန်ထမ်းများသည် အမြဲတမ်းပုံမှန်တွေ့ဆုံ ဆွေးနွေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမိုလွယ်ကူလျင်မြန်စေရန် နေပြည်တော်သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာရုံးကို ပြောင်းရွှေ့ခြင်း (သို့မဟုတ်) ဝန်ထမ်းများ ပိုမိုထားရှိခြင်းကို ဆောင်ရွက်သင့်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆန်းစစ်လေ့လာသုံးသပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူး (ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး) ဒေါက်တာကျော်ခိုင်၊ WHO country office evaluation team မှ Junior expert and ex-WHO headquarters staff များဖြစ်သူ Ms. Cecilia Mary Rose နှင့် Mr. Rui Miguel Jose Da Gama Santa Rita Vaz၊ WHO headquarters valuation office မှ program officer Ms. Carol Isobel Drayton နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags