ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရရှိသောရန်ပုံငွေနှင့် biennial work plan တွင်ပါရှိသောလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးလမ်းညွှန်မှာကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန်လ (၁၃)ရက် နံနက် (၁၀)နာရီအချိန်တွင် ရုံးအမှတ်(၄၇) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေး ဧည့်ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံချက်မန်နေဂျာများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ ဆွေးနွေး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံအတွက်ရရှိသောရန်ပုံငွေ နှင့် WHO (2018-2019) biennial work plan တွင်ပါရှိသောလုပ်ငန်းများကို အချိန်မီလျှင်မြန်ချောမွေ့ဆောင်ရွက်ပြီးစီးနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာ၌ WHO ၏ biennial work plan တွင်ပါရှိသော လုပ်ငန်းများနှင့် လျာထား budget များကို အကျိုးရှိစွာနှင့်အမြန်သုံးစွဲပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခွဲဝေရရှိသော ရန်ပုံငွေများကို အချိန်မီသုံးစွဲနိုင်မှသာ နောက်ထပ်ရန်ပုံငွေများ တောင်းခံရရှိနိုင်မည်ဖြစ်ကြောင်း၊ WHO သို့ proposal တင်သည့်အချိန်မှစ၍ ငွေထုတ်ပေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် တိုင်သည့်အထိ ကြားကာလလုပ်ငန်းစဉ်များကို တတ်နိုင်သမျှလျှော့ချပြီး မြန်ဆန်အောင်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊

                   

     မိမိနိုင်ငံအတွက်ရရှိသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရန်ပုံငွေများကို အကျိုးရှိသော၊ ထင်သာမြင်သာရှိသောလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်ပါကလုပ်ငန်းပြောင်းလဲ ဆောင်ရွက်နိုင်ရန် အတွက် program change ဆောင်ရွက်ရန်လိုအပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တည်ဆဲလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ work plan တွင်ပါရှိသောလုပ်ငန်းများ အကောင်အထည် ဖော်ပြီးစီးမှုအခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့် လက်ကျန်အခြေအနေတို့ကို စနစ်တကျလေ့လာစောင့်ကြပ်ကြည့်ရှုသွားရန် လိုအပ်ကြောင်း၊

     စီမံချက်မန်နေဂျာများအနေဖြင့် လက်ရှိရင်ဆိုင်နေရသောအခက်အခဲများနှင့် အကြံဉာဏ်များကို ဆွေးနွေးတင်ပြပေးရန်နှင့် အချင်းချင်းအတွေ့အကြုံနှင့်သတင်း ဖလှယ်မျှဝေခြင်းများ ပြုလုပ်ကြရန် ပြောကြား ခဲ့ပါသည်။

              

     ယင်းနောက် ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက work plan တွင်ပါရှိသောလုပ်ငန်းများ အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရန်ပုံငွေများ လျင်မြန်စွာ ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး စီမံချက်မန်နေဂျာများက အထွေထွေဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြပါသည်။

 
 

More Tags