ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ (၂၀၁၈-၂၀၁၉) လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (၂၀၁၈-၂၀၁၉) လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို မေလ(၁၆)ရက်နေ့ နေ့လည်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားသည်။

 

       ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရန်ပုံငွေထောက်ပံ့ ပေးသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူအတွက် အမှန်တကယ်အကျိုးရှိထိရောက်သော လုပ်ငန်းများတွင် ဦးစားပေးသုံးစွဲရန်နှင့် ကုန်ကျစရိတ်နှင့်လျော်ညီသော အလေအလွင့် မရှိသော လုပ်ငန်းဖြစ်ရန် လိုအပ်ပါကြောင်း၊ စီမံချက်မန်နေဂျာများမှ မိမိတို့စီမံချက်အလိုက် အဖွဲ့ငယ်များဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များကို ရေးဆွဲကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ်က အမှာစကားပြောကြားသည်။

 

     ထို့နောက် ဦးစီးဌာနများအလိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံချက်များမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများက (၂၀၁၈-၂၀၁၉) အတွက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

      အဆိုပါ ဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

More Tags