ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း(WHO FCTC) မှ ဦးဆောင်သော အဖွဲ့မှ FCTC Investment Case Myanmar သုတေသန အစီရင်ခံစာနှင့် ပတ် သက်ပြီး လာရောက်တင်ပြခြင်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း(WHO FCTC) မှ ဖွံ့ဖြိုးမှုအထောက်အပံ့အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr. Andrew Black၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) မှ Mr. Roy Small၊ RTI international မှ Mr. Nathan Mann၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးမှ National Professional Officer ဖြစ်သူ ဒေါက်တာမျိုးပိုင်တို့ ပါဝင်သော အဖွဲ့က WHO FCTC Investment Case Myanmar သုတေသန အစီရင်ခံစာနှင့် ပတ်သက်ပြီး လာရောက်တင်ပြခြင်းအား ဒီဇင်ဘာလ (၁၀) ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည် ဆိုင်ရာ ကွန်းဗင်းရှင်း(WHO FCTC) မှ Mr.Andrew Black ဦးဆောင်သောအဖွဲ့က -

• ယခုဆောင်ရွက်ခဲ့သည့် WHO FCTC Investment Case သုတေသနသည် FCTC 2030 Project ၏ လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံသည် FCTC စတင်ဆောင်ရွက်စဉ် အစောပိုင်းကာလ (၂၀ဝ၅)ခုနှစ် ကတည်းက အဖွဲ့ဝင်နိုင်ငံအဖြစ် ရှေးဦးစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊

• သုတေသနသည် ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရ Nations Development Programme (UNDP), the World Health Organization (WHO) ၊ RTI international နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သုတေသနဆိုင်ရာ အစီရင်ခံစာ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

• သုတေသန အစီရင်ခံစာအရ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျပ်သန်းပေါင်း (၂.၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ) ဆုံရှုံးနေပြီး ၎င်းပမာဏသည် တိုင်းပြည်၏ အသားတင် ထုတ်ကုန် တန်ဖိုး(GDP) ၏(၃.၃%) နှင့်ညီမျှပါကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တဆင့်ပြီးတဆင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက လာမည့် (၂၀၃၃) ခုနှစ်အထိ လူ့အသက်ပေါင်း (၂၅၅,ဝ၀ဝ)ကို ကယ်တင်နိုင်မည့်အပြင် စီးပွားရေးအရ မြန်မာငွေကျပ်သန်းပေါင်း ရှစ်သန်း (8 Trillion) (အမေရိကန်ဒေါ်လာ သန်းပေါင်းငါးထောင်ခန့်) ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊

• ယခုအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများ၌ မြန်မာငွေ တစ်ကျပ် ရင်းနှီးမြှုပ်နှံပါက လာမည့် (၂၀၃၃) ခုနှစ်တွင် မြန်မာငွေ (၂၂၅) ကျပ်ကို အကျိုးအမြတ်အဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါကြောင်း တင်ပြအစီရင်ခံခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီမှ ပြောကြားရာတွင် -

• ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ပေးသည့် အတွက်အလွန်ပင် ကျေးဇူးတင်ရှိပါကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး အစရှိသည့် ရောဂါများဖြစ်ပွားနိုင်သည့် အတွက် သုံးစွဲသူများသည် ကျန်းမာရေးထိခိုက်ပျက်စီးကာ လူ့သက်တမ်းစေ့မနေထိုင်ရခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုဝင်များတွင် ငွေကြေးကုန်ကျမှုအပါအဝင် လူမှုရေးကိစ္စများထိခိုက်နိုင်ခြင်း၊ ကိုယ်စွမ်းအားနှင့် ဉာဏ်စွမ်းအားကျဆင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းကျဆင်းလာခြင်း၊ ဝင်ငွေနည်းပါးခြင်းတို့ ဖြစ်ပွားမည်ဖြစ်ကာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များပါထိခိုက်ပျက်စီးမည်ဖြစ်ပါကြောင်း၊

• သုတေသနအစီရင်ခံစာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် သုံးစွဲသူ၏ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုဝင်များတွင် ငွေကြေးကုန်ကျမှုအပါအဝင် လူမှုရေးကိစ္စများထိခိုက်နိုင်ခြင်း စသည် တို့အပြင် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် စီးပွားရေးထိခိုက်နိုင်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးကိုပါ ထိခိုက်နိုင်ကြောင်းတို့ကို မီးမောင်းထိုးဖော်ပြထားသဖြင့် ကောင်းမွန်ပါကြောင်း၊

• ယနေ့လွှဲပြောင်းပေးအပ်သည့် သုတေသန အစီရင်ခံစာသည် ဝန်ကြီးဌာန၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မှီငြမ်းကိုးကားနိုင်ရန် အချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများနှင့် မကူးစက်တတ်သောရောဂါများ ဆိုင်ရာ အသုံးချ သုတေသနများပြုလုပ်ရာတွင် ယခုသုတေသနအလားတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်မှုများသာမကဘဲ လူမှုရေးနှင့် စီးပွားရေးထိခိုက်ဆုံးရှုံးနိုင်မှုများကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း(WHO FCTC) မှ ချမှတ်ထားသော မူဝါဒများနှင့် တပြေးညီဖြစ်အောင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်းပါဝင်ရန် တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြံပေး ဒေါက်တာအောင်ထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး(အခြေခံကျန်းမာ) ဒေါက်တာသံလွင်ထွန်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းဝေးရေးစီမံချက်မှ စီမံချက် မန်နေဂျာ ဒေါက်တာ မြလေးနွယ် နှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

More Tags