ကင်ဆာရောဂါကာကွယ်ရေးနှင့် စောစီးစွာရှာဖွေကုသရေးအတွက် နိုင်ငံတကာကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်

          ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာကင်ဆာရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး အဖွဲ့ (The Union For International Cancer Control (UICC) တို့ ပူးပေါင်း၍ ရန်ကုန်မြို့တော်တွင် ကင်ဆာရောဂါကာကွယ်ရေး၊ စောစီးစွာ ရှာဖွေဖော်ထုတ် ကုသရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုပ်အမှုဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး C/Can 2025: City Cancer Challenge, Yangon City Executive Committee Meeting ကို ဇူလိုင်လ (၁၇)ရက်နေ့၊ နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

       အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားခဲ့ရာ- “ကင်ဆာရောဂါကာကွယ်ကုသရေးလုပ်ငန်းသည် လုပ်ငန်းပမာဏအလွန်ကြီးမား ကျယ်ပြန့်သည် ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ရန် အလွန်ခက်ခဲပါကြောင်း၊ UICC အဖွဲ့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဦးလှထွန်း မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်း၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း ကဲ့သို့သော အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းများ စသည်တို့နှင့် အားလုံးလက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ကင်ဆာရောဂါသည် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံပေါ်မူတည်၍ ဖြစ်ပွားလေ့ရှိပေရာ ပြည်သူများ၏ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံ ပြောင်းလဲဖြစ်ပေါ်မှုအပေါ်မူတည်ကာ ကာကွယ် ကုသရေးလုပ်ငန်းများကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူသားဆန်ပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စောစီးစွာကုသမှု ပေးခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် ကင်ဆာရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြမည့် နိုင်ငံတကာ ကင်ဆာရောဂါ ဖြစ်ပွားမှုထိန်းချုပ်ရေးအဖွဲ့ (UICC)၊ ဦးလှထွန်း မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်း၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းနှင့်တကွ ပူးပေါင်းဆောင်ရွက်ကြမည့်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနက ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။


 

         ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် C/Can 2025: City Cancer Challenge အစီအစဉ်တွင် ရန်ကုန်မြို့ကို စီမံချက်မြို့တော်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း အသိအမှတ်ပြုလွှာကို UICC မှ ဒါရိုက်တာဖြစ်သူ Dr. Susan Henshall က ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့အား ပေးအပ်ခဲ့သည်။
           UICC အဖွဲ့သည် C/Can 2025: City Cancer Challenge အစီအစဉ်အရ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများအနက် မြို့(၃)မြို့အား ရွေးချယ်ခဲ့ရာ ပါရာဂွေးနိုင်ငံ - Asunción မြို့၊ ကိုလံဘီယာနိုင်ငံ - Cali မြို့နှင့်အတူ မြန်မာနိုင်ငံ - ရန်ကုန်မြို့တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။