ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသော ဒုတိယအကြိမ် နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် (၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. ဘန်ကီမွန်း၊ (၁၁)ကြိမ်မြောက် သြစတီးယားနိုင်ငံ သမ္မတဖြစ်သူ Mr. Heinz Fischer နှင့် Yonsei University ၏ ဥက္ကဌဖြစ်သူ Mr. Kim Yong-Hak တို့၏ ဖိတ်ကြားခဲ့မှုအရ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Yonsei University ၌ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့တွင် ကျင်းပသော ဒုတိယအကြိမ် နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရေး အစည်းအဝေး (Second Annual Global Engagement & Enforcement Forum on Sustainable Development - GEEF) သို့ တက်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိပါသည်။

 

     အဆိုပါ အဆင့်မြင့် အစည်းအဝေးသည် ၂၀၃၀ ခုနှစ်တွင် ရရှိရန် ရည်မှန်းထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ရည်မှန်းချက် (၁၇) ချက်ကို အားလုံးရရှိလက်လှမ်းမီစေရန်အတွက် ကမ္ဘာပေါ်ရှိ လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ကြားပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တစ်စုတစ်ဝေးတည်း ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး အစည်းအဝေးဖြစ်ပါသည်။

     အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် Yonsei University ၏ ဥက္ကဌ ဖြစ်သူ Dr. Kim Yong-hak၊ တွဲဖက်ဥက္ကဌဖြစ်သူ Ben Ki-moon Center for Global Citizens နှင့် (၁၁)ကြိမ်မြောက် သြစတီးယားနိုင်ငံ သမ္မတ ဖြစ်သူ Dr. Heing Fiselier၊ (၁၂)ကြိမ်မြောက် KOICA အဖွဲ့၏ ဥက္ကဌ ဖြစ်သူ Mrs. Lee Mi-kyung၊ သြစတီယားနိုင်ငံ အဓိပတိ ဖြစ်သူ Mr. Sebastian Kurz နှင့် ဆိုးလ် မြို့တော်ဝန်ဖြစ်သူ Mr. Park Won-soon တို့က အဖွင့်အမှာစကားနှင့် အဖွင့် မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။

     ဆက်လက်၍ အစည်းအဝေး ပထမနေ့၏ ပညာရှင်များအကြား ဝိုင်းဖွဲ့ ဆွေးနွေးပွဲ (panel discussion) တွင် ညှိနှိုင်းဦးဆောင်ဆွေးနွေးသူ (moderator) အဖြစ် Mr. ဘန်ကီမွန်းမှ ဆောင်ရွက်ပြီး စကားဝိုင်းပါဝင် ဆွေးနွေးသူများအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ UNFPA အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Dr. Natalia Kanem၊ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ Dr. Mahmoud Mohieldin၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr. Princess Nothemba Simelela နှင့် Bahrain-Supreme Council of Health ၏ ဥက္ကဌ Dr Mohamed bin Abdulla Al Khalifa တို့ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပြီး အဆိုပါ panel discussion တွင် ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော သာတူ ညီမျှကျန်းမာရေး (Universal Health Coverage - UHC) ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ကမ္ဘာလုံးဆိုင်ရာလုပ်ဖော် ကိုင်ဘက် မိတ်ဆွေများမှ ဝိုင်းဝန်းကူညီနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကြပါသည်။

 

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တင်ပြဆွေးနွေးရာတွင် -

• ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီ သာတူညီမျှရရှိစေရေးအတွက် အဓိကမှာ ပြည်သူကို ဗဟိုပြု၍ ပြည်သူများပါဝင်လာအောင်ဆောင်ရွက်ရေးဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြင့်မားရေး၊ လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းများတွင် ပြည်သူများမှ မိမိတို့ကိုယ်ပိုင်အရေးကိစ္စ ဆောင်ရွက်သကဲ့သို့သတ်မှတ်ဆောင်ရွက်ရေး၊ ပြည်သူတို့မှ မိမိတို့ကိုယ်တိုင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သိရှိတောင်းခံတတ်စေရေး၊ ပြည်သူတို့၏အသံကိုနားထောင်၍ ပြည်သူတို့၏ လိုအပ်ချက်များအတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း၍ UHC နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) သို့ရောက်ရှိအောင်မြင်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

• မြန်မာနိုင်ငံ၌ ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားစေရေးအတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ (Standardized Health Messages) စာအုပ်ကိုထုတ်ဝေထားပြီး တိုင်းရင်းသားဘာသာစကား (၅၀) မျိုးဖြင့်လည်း ဘာသာပြန် ဆိုထားပြီး ဖြစ်ပါကြောင်း၊

• အသုံးပြုသူအခြေခံ ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေလွယ်ကူစေရန်အတွက် ယခုအခါ Electronic Version အနေဖြင့် ဝန်ကြီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ အားလုံးထံသို့ ဖြန့်ဝေမည့် Mobile Tablet များအတွင်းထည့်သွင်းထားရှိ၍ မည်သို့သော ကျန်းမာရေးပြဿနာကိုမဆို အလွယ်တကူ ကြည့်ရှုနိုင်ပြီး ပြည်သူများအား ကျေးလက်ဒေသအထိ ကျန်းမာရေး အသိပညာများပေးနိုင်မည် ဖြစ်ပါကြောင်း၊

• Mobile Tablet များတွင် Mobile Device Management System ကိုပါ အသုံးပြုထားသည့်အတွက် ပေးလိုသည့် Health Message များကို အလွယ်တကူ update ပြုလုပ်ပေးပို့နိုင်ပါကြောင်း၊

ထို့အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ဆေးဝါးများ ဖြန့်ဖြူးလက်ခံရရှိ သုံးစွဲမှု၊ ကူးစက်ရောဂါတစ်ခုဖြစ်ပွားပါကအချိန်နှင့်တစ်ပြေးညီ သတင်းပို့နိုင်ရေး၊ ဗဟိုမှ ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက်မပြတ် ပြည်သူ့ကျန်းမာရေးပညာနှင့် ဆေးပညာများ လေ့လာဆည်းပူးနိုင်ရေး မွမ်းမံသင်တန်းများနှင့် သုတေသနလုပ်ငန်းများပြုလုပ်နိုင်ရေး စသည်ဖြင့် မြောက်များစွာသော လုပ်ငန်းများကို electronic စနစ်ဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊

• ထို့အပြင် ကုသရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသော ဆရာဝန်၊ သူနာပြုများအတွက်လည်း စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေးဆိုင်ရာနှင့် ကုသရေးဆိုင်ရာ အချက်အလက်များကို ထည့်သွင်းထားသည့် Tablet များကို ဆရာဝန်၊ သူနာပြုများအတွက်လည်း ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရခြင်းများ၏ အဓိကရည်ရွယ်ချက်များမှာ ကျန်းမာရေးဝန်ထမ်းများ မိမိကိုယ်ကိုမိမိ ယုံကြည်မှုများ ပိုမိုတိုးတက်လာပြီး အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေး၊ ကျန်းမာရေး စာရင်းဇယားနှင့် သတင်းအချက်အလက်များ တိကျမှန်ကန်မှုရှိစေရေးနှင့် UHC နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ရည်မှန်းချက် ရရှိရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် Yonsei University ၏ ဥက္ကဌ ဖြစ်သူ Dr. Kim Yong-hak မှ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက် ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံစနစ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား Health Insurance Review and Assessment Service of the Republic of Korea (HIRA) သို့ သွားရောက်၍ ဥက္ကဌဖြစ်သူ Mr. Kim Seung Taik နှင့် အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် HIRA International Group မှ Commissioner Mr. John Ryu နှင့်တွေ့ဆုံ၍ ကျန်းမာရေးအာမခံလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရေးကြီးသည့် Medical Audit ပြုလုပ်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံတွင်ဆောင်ရွက်နိုင်ရန်နှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ရာ -

• မိမိတို့နိုင်ငံ၌လည်း Medical Audit ကို ဆောင်ရွက်မည်ဆိုရာတွင် ကုသရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသော ဆရာဝန်၊ သူနာပြုများကို စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်အရည်အသွေး ပိုမိုတိုး တက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊

• အရည် အသွေးပိုမိုတိုးတက်လာမှသာ လူနာများဘက်မှ ပိုမိုယုံကြည်စိတ်ချလာပြီး မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျန်းမာရေးအာမခံလုပ်ငန်းများ အပေါ် ပြည်သူများမှ ပိုမိုယုံကြည်စိတ်ချ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် Medical Audit ကို ဆောင်ရွက်လိုခြင်း ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

 

     နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Dailymed သတင်းမှ အကြီးတန်းသတင်းထောက် Mr. Keun Been Park နှင့် တွေ့ဆုံ၍ မြန်မာ နိုင်ငံ၌ Universal Health Coverage အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးသည့် သင့်တော်သည့် ကျန်းမာရေးအာမခံ စနစ်ပေါ်ပေါက်လာရေးအတွက် HIRA နှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Yonsei University Health System ၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Professor Do-Heum Yong နှင့် အဖွဲ့အား အဆိုပါတက္ကသိုလ်၏ သင်ကြားရေးဆေးရုံဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကဆေးရုံကြီးလည်းဖြစ်သော Severance Hospital ၌ တွေ့ဆုံခဲ့၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း အဆင့်မြှင်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များ၊ ပညာတော်သင်များနှင့် လေ့လာရေးအဖွဲ့များ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးတက္ကသိုလ်များတွင် သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ ဘွဲ့ကြိုမှ စတင်သင်ကြားပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံဆေးတက္ကသိုလ် များနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး Severance Hospital အတွင်း ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု လေ့လာခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Korea Foundation for International Health Care ရှိ Dr. Lee Jong-wook memorial Fund သို့သွားရောက်လေ့လာခဲ့ပါသည်။

     ထို့နောက် Korea Foundation for International Healthcare (KOFIH) ၏ ဥက္ကဌဖြစ်သူ Dr. Choo Moo Jin နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ KOFIH အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များအား အရှိန် အဟုန်ဖြင့် ဆောင်ရွက်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၈) ကြိမ်မြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်သူ Mr. ဘန်ကီမွန်း တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Incheon Dental Association ၏ နာယက Dr. Jong-Sung Li ဦးဆောင်သည့် အဖွဲ့အားလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၌ သွားကျန်းမာရေး ပညာရပ်အဆင့်အတန်းမြင့်မားရေးအတွက် ပညာသင်များခေါ်ယူလေ့ကျင့်ပေးရေးနှင့် ကျွမ်းကျင်သူများမှ လာရောက်ခွဲစိတ် နည်းပြ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များအတွက် ဆောင်ရွက်ပေးလျက် ရှိသည့် Jagal Academy Program နှင့် GAAD Program များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags