ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ နှင့် တက္ကသိုလ်များအခြေခံမြားပစ်သင်တန်းဆင်းပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသို့ ဂျပန်နိုင်ငံ International University of Health and Welfare (IUHW) မှ လှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းဒေါင့်ရှိ အဆိုပါ ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။


 

     အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုကြောင့် နောက်ဆက်တွဲ အကျိုးအဖြစ် လူနာများစွာကို နှစ်ပေါင်းများစွာ ပြုစုကုသမှုများပေးနိုင်မည်ဖြစ်ပါ၍ အလွန်အကျိုးရှိခြင်းဖြစ်ပါသဖြင့် အလှူရှင်များအားဝမ်းမြောက်စေလိုပါကြောင်း၊ ယခုလှူဒါန်းသောပစ္စည်းများသည် ဆေးရုံအတွက် အမှန်တကယ် လိုအပ်သည့် ပစ္စည်းများဖြစ်သည့်အတွက် ဆေးရုံတွင် ဆောင်ရွက်လျှက်ရှိသော ပြန်လည်သန်စွမ်းရေးနှင့် ကုသရေးလုပ်ငန်းများကိုကောင်းစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လှူဒါန်းသည့်ပစ္စည်းများသည် ဆေးရုံတွင် ကုသမှု ခံယူနေသော လူနာများအတွက်သာမက ဆရာဝန်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် သင်ကြားမှုအထောက်အကူပြု ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး ပြန်လည်သန်စွမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ဤဆေးရုံတွင် တက်ရောက်ကုသမှုခံယူသော လူနာများ၏ ရောဂါသည် နာတာရှည်မသန်စွမ်း ဖြစ်မှုကိုခံစားရလေ့ရှိသည့်ရောဂါများဖြစ်သည့်အတွက် ဆေးပညာရှုထောင့်မှကြည့်လျှင် အလွန်ပင်မွန်မြတ်သည့်လုပ်ငန်းဖြစ်ပါ၍ အလှူရှင်များအနေဖြင့် ဝမ်းမြောက်စေလိုပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ International University of Health and Welfare (IUHW) နှင့် သင်ကြားရေးကဏ္ဍ အပါအဝင် အခြားကဏ္ဍများတွင်လည်း နားလည်မှုစာချွန်လွှာရေးထိုး၍ ရေရှည်ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်းမှုအတွက် အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။


 

     ဆက်လက်ပြီး ဂျပန်နိုင်ငံသံရုံးမှ Minister - Councellor / Deputy Chief of Mission ဖြစ်သူ Mr. Ichiro Maruyama နှင့် IUHW Chairman Mr. Takagi Kuninori တို့က အမှာစကားများပြောကြားကြပြီး IUHW နှင့် ပတ်သက်သည့် ဗီဒီယိုကိုပြသသည်။


 

     ထို့နောက် IUHW မှလှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများကို IUHW Chairman Mr. Takagi Kuninori ကပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်သီတာအောင်ကကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် Professor Yoko Sugawara ကပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် IUHW မှ လှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ IUHW မှလှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက် အကူပြုပစ္စည်းများမှာ အမျိုးအစား (၁၆)မျိုး ၊ အရေအတွက် (၂၂၀၀) ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ (၂)သိန်းဖိုးခန့် ဖြစ်သည်။

     ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး ပြည်ထောင်စုခန်းမ၌ ပြသထားသော Outdoor fitness centre များအတွက် အများပြည်သူအသုံးများသည့် ခြေထောက်လွှဲ၊ လက်လှည့်၊ ခြေသလုံးကျိတ် ခါးလှည့်၊ အိပ်ထမတင် စသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့က ရှင်းလင်းပြသကြသည်။

     ပြည်ထောင်စုဝန်ကြီးက အဆိုပါအားကစားပစ္စည်းများ သုံးစွဲသူအရေအတွက် ပေါ်မူတည်၍ စက်များ၏ ကြံ့ခိုင်ရည် မည်မျှရှိသည်ကို မှတ်တမ်းတင် ဆန်းစစ်ရန် လိုအပ်ကြောင်းပြောကြားကာ အများပြည်သူသုံးစွဲမှု မှတ်တမ်းများကို ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို ပြောကြားခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝင်းအတွင်း တပ်ဆင်ထားသည့် အဆိုပါ အားကစားအထောက်အကူပြုပစ္စည်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


 

     ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်များ အခြေခံမြားပစ်သင်တန်း (၁/၂၀၁၇) မှ သင်တန်းသား/သင်တန်းသူများ၏ သင်တန်းဆင်းလက်ရည်စစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးကာ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူ များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြား ပါသည်။

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းအတွက် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း မှ ပဲနို့စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

     အခမ်းအနားတွင် ရွှေပါရမီပဲနို့ အာဟာရဖောင်ဒေးရှင်းမှ တာဝန်ရှိသူက ပဲနို့ကြိတ်စက်(၅)လုံး ၊ ပဲအိတ် (၁၀)အိတ်၊ သကြားအိပ်(၅)အိတ်၊ ပဲနို့ထည့်ချိုင့်(၁၀)လုံးတို့အား လှူဒါန်းရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အားကစားသမားများ အတွက် အင်အားပြည့်ဝစေပြီးကြံ့ခိုင်သန်စွမ်းစေမည်ဖြစ်ပါ၍ လှူဒါန်းပေးသည်ကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

     ထိုနောက် အဆိုပါအစည်းအဝေးခန်းမတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် တက္ကသိုလ်များ အခြေခံမြားပစ်သင်တန်း (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် အားကစားလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အဓိကဦးစား ပေးဖြစ်ပြီး ၄င်းမှတဆင့် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွန်းလာရေး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အားကစားတွင် အောင်မြင်မှုများရရှိနိုင်ရန်အတွက် သိပ္ပံနည်းကျ ၊ နည်းစနစ်တကျ လေ့ကျင့်နိုင်ရန်မှာ အလွန်အရေးပါကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များနှင့် ပြည်သူလူထုများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူးကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းမျိုးကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဖွင့်လှစ်စေလိုပါ ကြောင်း ပြောကြားခဲ့သည်။

     ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက (၁၉)ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးကတက္ကသိုလ်များ အခြေခံမြားပစ် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းဆင်းလက်ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ် ကြပြီးတက္ကသိုလ်မြားပစ်ကော်မတီဥက္ကဌက သင်တန်းနည်းပြများထံသို့ ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 
 

More Tags