ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွန်နှင့် ပြီးပြည့်စုံသော အရေးပေါ်သားဖွား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာသင်တန်းလက်စွဲ ရေးဆွဲထုတ်ဝေခြင်းဆိုင်ရာ အသိပေး အခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့

     ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွန် (National Antenatal care guideline) နှင့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သင်တန်းလက်စွဲ (National Comprehensive Emergency Obstetrics and Newborn care (CEmONC) Training Package) ရေးဆွဲထုတ်ဝေခြင်းဆိုင်ရာ အသိပေးအခမ်းအနားကို ဇွန်လ(၁၈)ရက်၊ နံနက်(၉:ဝ၀) နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားပါသည်။


 

     အမြဲတမ်းအတွင်းဝန်ကပြောကြားရာတွင်-

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မိခင်နှင့် မွေးကင်းစကလေးသေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ

- အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုသည် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပြီး

- (၂၀၁၅-၁၆) ခုနှစ် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ (၄) ကြိမ်နှင့်အထက် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ရရှိမှုနှုန်းမှာ (၅၉%) သာရှိကြောင်း၊

- ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီ၍ အရည်အသွေးပြည့်ဝသော စောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲတိုးတက်လာသော ကုထုံးများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်


 

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသစ်ထွက်ပေါ်လာသော လမ်းညွှန်ချက်များကို အခြေခံကာ သားဖွားမီးယပ်ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်ကိုရယူ၍ ‘ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းလမ်းညွှန် (National Antenatal Care Guideline)’ ကိုရေးဆွဲ ထုတ်ဝေခြင်းဖြစ်ပါကြောင်း၊

- ဒါ့အပြင် မွေးဖွားစဉ် ကြုံတွေ့လာနိုင်သည့် အရေးပေါ်အခြေအနေများကို ထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန် ပြီးပြည့်စုံသော သားဖွားပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာနှင့်ကျွမ်းကျင်မှုလိုအပ်ကြောင်း၊

- ထို့ကြောင့် ယခုနှစ်တွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံရှိ ဆရာဝန်များနှင့် ခွဲစိတ်ခန်းသူနာပြုဆရာမများအနေဖြင့် ခွဲစိတ်မွေးဖွားခြင်းအပါအဝင် ပြီးပြည့်စုံသော သားဖွားစောင့်ရှောက်ခြင်းကို ကျွမ်းကျင်စွာ စောင့်ရှောက်မှုပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

- ယခုလို လမ်းညွန်စာအုပ်များ ထုတ်ဝေရုံမျှမကဘဲ မိခင်နှင့်မွေးကင်းစကလေးကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရေးအတွက် လက်တွေ့အကောင်အထည်ဖော် စောင့်ရှောက်မှုများပေးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် USAID မှ Mission Director, Ms Theresa McGhi က နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ Jhpiego အဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

     အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာလှမြသွေးဣန္ဒြာနှင့် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာနှင်းနှင်းလွင်တို့က သင်တန်းလက်စွဲများ၊ လမ်းညွှန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့မှ တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြပါသည်။

More Tags