ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အစည်းအဝေးခန်းမ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံသုံးစွဲမှုကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာစသည့် ကင်ဆာရောဂါအမျိုးမျိုးနှင့် နှလုံးနှင့် သွေးကြောရောဂါများ အပါအဝင် မကူးစက်တတ်သောရောဂါများဖြစ်ပွားမှုနှင့် ရောဂါကြောင့် အချိန်မတိုင်မီသေဆုံးမှုများ (premature deaths) သည် များပြားလျက်ရှိကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ (၂၀၁၈) ခုနှစ် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံသုံးစွဲရာမှ ဖြစ်ပွားသော ရောဂါများဖြင့် သေဆုံးသူ နှစ်စဉ် (၆၅၀ဝ၀) ဦးခန့်ရှိကြောင်း၊


 

• (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းသည် အမျိုးသားများတွင် (၆၃.၉) နှစ်နှင့် အမျိုးသမီးများတွင် (၆၉.၉) နှစ်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိပြီး ထိုသို့ နိမ့်ကျလျက်ရှိခြင်းမှာ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံသုံးစွဲမှုနှင့် ဆက်စပ်သည့်ရောဂါများဖြစ်ပွား သေဆုံးမှုများကြောင့် လည်း ပါဝင်ကြောင်း၊

• ပြည်သူများ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ ပြည်သူလူထု၏ စိတ်ပါဝင်စားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းမှု ရရှိရေးတို့အတွက် ယခုကဲ့သို့သော လူထုလှုံ့ဆော်လှုပ်ရှားမှုများတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးကြောင်း၊


 

• ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် ပတ်သက်သော မှန်ကန်သည့်အချက်အလက်များကို ဝန်ကြီးဌာနရှိ သက်ဆိုင်ရာဌာနများမှ သတင်းမီဒီယာများထံပေးအပ်သွားရမည်ဖြစ်ပြီး သတင်းမီဒီယာများ အနေဖြင့်လည်း ပြည်သူများထံ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိစေရန် ထပ်ဆင့်ကူညီ ဖြန့်ဝေပေးသွားကြရန် တိုက်တွန်းလိုကြောင်း၊

• သတင်းမီဒီယာများ၏ ပံ့ပိုးမှုကိုရရှိပါက ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ ပိုမိုထိရောက်ပြီး ရင်းနှီးမြုပ်နှံမှု ထက်ပိုမိုသော အကျိုးရလဒ်များ ပိုမိုဖြစ်ထွန်းရရှိစေမည်ဖြစ်ကြောင်း၊

• ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှုကြောင့်ဖြစ်ပွားသော ရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုး အမျိုးမျိုးကြောင့် ရောဂါဖြစ်ပွားသူလူနာနှင့် လူနာမိသားစုဝင်များအတွက် လူမှုရေး၊ စီးပွားရေးအရ ကြီးမားသောဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း၊


 

• ရောဂါဖြစ်ပွားပါက ကိုယ်အား၊ ဉာဏ်အားစွမ်းဆောင်ရည်များကျဆင်းခြင်း၊ မသန်းမစွမ်းဖြစ်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားခြင်း၊ လူမှုဘဝနှင့် နေထိုင်မှုအရည်အသွေး (quality of life) ကျဆင်း ခြင်းနှင့် အရွယ်မတိုင်မီသေဆုံးခြင်း (premature death) ကြောင့် နိုင်ငံအတွက် အဖိုးတန်သော လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးရခြင်းတို့ဖြစ်ပွားမည်ဖြစ်သဖြင့် မိသားစုအတွက်သာမက နိုင်ငံအတွက်ပါ လွန်စွာထိခိုက်နစ်နာကြောင်း၊

• ငယ်စဉ်ကာလကျောင်းနေအရွယ်သည် ကောင်းမွန်သောအလေ့အကျင့်များ ပြုစုပျိုးထောင်သည့် ကာလဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူများ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ဘေးအန္တရာယ်ဆိုးကျိုးများကို သိရှိပြီး သုံးစွဲမှုမှ ရှောင်ကြဉ်ကြစေရန်အတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊


 

• ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်အတွင်းရှိ လေပြွန်နှင့် လေအိတ်များထိခိုက်ပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးကြွက်သားများပျက်စီးခြင်း၊ မျိုးဆက်ပွားစွမ်းရည်များကျဆင်းခြင်း၊ ကိုယ်ခံအားစနစ်ကျဆင်းခြင်းနှင့် မျိုးရိုးဗီဇများထိခိုက်ပျက်စီးကာ ကင်ဆာရောဂါများဖြစ်ခြင်းတို့ဖြစ်ပွားနိုင်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း၊

• မိမိကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း အနီးပတ်ဝန်းကျင်မှ အခြားလူများသောက်သုံးသော ဆေးလိပ်ငွေ့များမှတဆင့် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုဗေဒပစ္စည်းများကို ရှုရှိက်မိခြင်းကြောင့်လည်း ကင်ဆာ ရောဂါ အပါအဝင် ရောဂါများဖြစ်ပွားနိုင်ခြင်းကြောင့် ဆေးလိပ်အန္တရာယ်သည် အလွန်ကြီးမားကြောက်ရွံ့ဖွယ်ဖြစ်ကြောင်း၊

• ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ဆေးလိပ်ကင်းစင်ရေး ကျောင်းများ၊ တက္ကသိုလ်များ၊ လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေးဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါ ကြောင်း၊

• ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွယ်သက်ဆိုင်သော ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ဆက်စပ်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non-governmental organization)၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (international non-governmental organization)၊ လူထုအခြေပြုအဖွဲ့အစည်းများ (community based organization) အသီးသီး အားလုံး ပူးပေါင်း ပါဝင်၍ တစ်မျိုးသားလုံးအရေးကိစ္စအဖြစ် အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ “နောင်တမရအောင် ကွမ်းယာကိုရှောင်” ကျန်းမာရေးအသိပညာပေး ရုပ်သံများကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်တော်ကြီးများသည် အခမ်းအနား ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     အဆိုပါ လူထုလှုံ့ဆော်လှုပ်ရှားပွဲသည် မြန်မာနိုင်ငံပြည်သူများ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များနှင့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှုမှ ရှောင်ကြည်ကြရန် တိုက်တွန်းနှိုးဆော်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်နှင့် ဆိုရှယ်မီဒီယာများမှ တဆင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်တော်ကြီးများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းဝေးရေးစီမံချက်မှ စီမံချက်မန်နေဂျာ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန် ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်း/ ပြည်ပ သတင်းဌာနများ၊ ရုပ်သံဌာနများ၊ ရေဒီယိုဌာနများ၊ သတင်းနှင့် ဂျာနယ်များမှ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

More Tags