ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့

     “ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်င့ံအလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ အစီအစဉ်ကို ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။

 

     နံနက်ပိုင်းအစီအစဉ်တွင် ကဏ္ဍအလိုက် ဆွေးနွေးကြရာ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ လိင်မှုဆိုင်ရာ နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ကျောင်းသားကျောင်းသူများတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။

 

     ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်ကိုကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ဦးစီးဌာနများအလိုက် ဆွေးနွေးတင်ပြကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေး ကြသည်။

 

     ညနေပိုင်းတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များ၊ ဆရာ၊ ဆရာမများသာမက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကပါ ပါဝင်မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များသည် အထူးကောင်းမွန်အဆင့်မြင့်မားပြီး အဆိုပါအချက်များသည် မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခများ ရရှိနိုင်မည့်အပြင် လူမှုဆက်ဆံရေးရာများတွင်လည်း များစွာ အကျိူးရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်တိုင် အကျိုးရှိမည့်ကိစ္စရပ်ကြီးဖြစ်သည့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ရှေ့ဆောင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းများ စတင်ဆောင်ရွက်သည့် ကာလတွင် လက်တွဲခေါ်ယူဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးနှင့်ညီညွတ်သည် နေထိုင်မှုအလေ့အကျင့်များကို ကျင့်သုံးသည့် ကျောင်းနေအရွယ်လူငယ်များမှ တဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံသို့ပါ အဆိုပါ အလေ့အကျင့်ကောင်းများ ဆင့်ပွားရောက်ရှိနိုင်မည်ဖြစ်သဖြင့် ပြည်သူများအားလုံးအတွက် အကျိုးများစေမည့် လုပ်ငန်းကြီးဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လူမှုရေး ဝန်ကြီးများက ဦးစီးဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

 

• တူညီစွာဖော်ဆောင်ရမည့် လုပ်ငန်းဆောင်ရွက်မှု ယေဘုယျမူဘောင်တစ်ခုကို ချမှတ်ရေးဆွဲသွား၍ နေရာဒေသအလိုက်၊ တက္ကသိုလ်အလိုက်၊ ကျောင်းအလိုက်၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းချည်းကပ်မှုပုံစံများ ဆက်လက်ရေးဆွဲချမှတ် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

 

• ကျောင်းနေအရွယ်လူငယ်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုအသိအမြင်များရရှိကာ ခံယူချက်နှင့် အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်အတွက် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း (monitoring and evaluation) စနစ်ကို တစ်ပါတည်း ထည့်သွင်း၍ checklist များအသုံးပြုပြီး အဆင့်ဆင့် ဆောင်ရွက်ကာ လိုအပ်ချက်၊ အားနည်းချက်ရှိသည်များကို အားဖြည့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

 

• နိုင်ငံ့လူဦးရေ၏ (၂၀%) ခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေအရွယ် လူငယ်များ ကျန်းမာမှု အဆင့်မြင့်မားကာ နိုင်ငံတော်ကြီးတစ်ခုလုံး ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလုပ်ငန်းစဉ်များကို အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) နှင့် တန်းတူညီ အလေးအနက်ထားကာ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့၏ ကဏ္ဍလုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags