ကျန်းမာရေးသတင်းအချက်အလက် မူဝါဒရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်တွင် ရွှေပြည်တော်ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကျန်းမာရေးသတင်းအချက်အလက် မူဝါဒရေးဆွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများချမှတ်ရေးဆွဲရာတွင် ပြည့်စုံတိကျမှန်ကန်သော စာရင်းအချက် အလက်များ (Data) သည် အထူးအရေးကြီးသော အခြေခံအချက်ဖြစ်ကြောင်း၊

• နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်ကောင်းမွန်သော စာရင်းအချက်အလက်များနှင့် သတင်းအချက် အလက်များရရှိရန်လိုအပ်ကြောင်း၊

• ဝန်ကြီးဌာန၊ ဦးစီးဌာန၊ စီမံချက်လုပ်ငန်းများ ၏ ရည်မှန်းချက်များ၊ ဦးတည်ချက်များအောင်မြင်ရန်၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ဆောင်ရွက်ရာလမ်းကြောင်းတူညီမှုရှိစေရန်၊ ဘဏ္ဍာအရင်းအမြစ်အပါအဝင် အရင်းအမြစ်များ ခွဲဝေချထားရာတွင် ဦးစားပေးအလိုက် မှန်ကန်မှုရှိရန် သတင်းအချက်အလက်များမှာ အရေးကြီးကြောင်း၊

 

• ထိုသို့ စာရင်းအချက်အလက်များနှင့် သတင်းအချက်အလက်များ မှန်ကန်ပြည့်စုံရုံသာမက အသုံးဝင် အကျိုးရှိစေရန်အတွက် -

- စာရင်းအချက်အလက်များ (Data) အချိန်နှင့် တစ်ပြေးညီ ကောက်ယူစုဆောင်းခြင်း၊

- ရရှိထားသော စာရင်းအချက်အလက်များ (Data) များကို စီမံခန့်ခွဲ သုံးသပ်၍ လက်တွေ့အသုံးဝင်သော သတင်းအချက်အလက်များ အဖြစ်ဆောင်ရွက်ခြင်း (data to information)၊

- စာရင်းအချက်အလက်များနှင့် သတင်းအချက်အလက်များကို ဌာန၊ ဌာနခွဲ၊ စီမံချက်လုပ်ငန်းများ အကြား မျှဝေခြင်း (data and information sharing)၊

- သတင်းအချက်အလက်များကို လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုခြင်း စသည်တို့ကို ဆောင်ရွက်၍ Data Culture စနစ် တစ်ခုဖြစ်ပေါ်လာစေရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

 

• ထိုသို့ စာရင်းသတင်းအချက်အလက် စနစ်ဆိုင်ရာ အလေ့အကျင့်များ (data culture) ကို ငယ်စဉ်ကတည်းက ကျောင်းများ၊ တက္ကသိုလ်များတွင် လေ့ကျင့်ပျိုးထောင်ရန်လိုအပ်ကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ယခု (၂၀၁၈) ခုနှစ်ကို (Year of Data and Information) အဖြစ်သတ်မှတ်၍ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊

• စာရင်းအချက်အလက်များနှင့် သတင်းအချက်အလက်များ ကောင်းမွန်မှန်ကန်ရေးအတွက် သုတေသနလုပ်ငန်းများသည်လည်း များစွာအထောက်အကူပြုနိုင်ကြောင်း၊

• (၂၀၁၅) ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့သည့် Service Availability and Readiness Assessment (SARA) Myanmar၊ (၂၀၁၆)ခုနှစ်တွင် ကောက်ယူခဲ့သော Myanmar Demographic and Health Survey တို့အပါအဝင် ကောက်ယူထားရှိခဲ့သော စစ်တမ်းများ၊ သုတေသနများ၊ အစီရင်ခံစာများတွင် ပါဝင်သော သတင်းအချက်အလက်များ၊ လုပ်ဆောင်ရန် အကြံပြုချက်များ (recommendation) များကိုလည်း လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသွားရန်လိုအပ်ကြောင်း၊

 

• အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Policy 2017-2021) တွင်ပါဝင်သော အချက်အလက်များ၊ လုပ်ငန်းများသည် လက်တွေ့မြေပြင် အခြေနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ဆန်းစစ်၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

•(၂၀၁၇) ခုနှစ်အတွင်း ချမှတ်ရေးဆွဲခဲ့သည့် “Strategic Action Plan for Strengthening Health Information 2017-2021” တွင်ပါဝင်သော လုပ်ငန်းများကိုလည်း အားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Paper-based reporting စနစ်မှ electronic-based reporting အဖြစ်ပြောင်းလဲ၍ ဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်ကောက်ယူစုဆောင်ရာတွင် ပိုမိုလွယ်ကူလျင်မြန် လာမည်ဖြစ်ကြောင်း၊

• ပြည်စုံသော သတင်းအချက်အလက်များ၊ နိုင်ငံကို ကိုယ်စားပြုသော သတင်းအချက်အလက်များ ရရှိရန်အတွက် ဝန်ကြီးဌာနအနေဖြင့် INGOများနှင့် NGO များမှ စာရင်းဇယား၊ သတင်းအချက်အလက်များ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှ စာရင်းဇယား၊ သတင်းအချက်အလက်များ ပုံမှန်ရရှိရန်လိုအပ်ကြောင်း၊

 

• ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တာဝန်ရှိသူများ၊ စီမံချက်မန်နေဂျာများအနေဖြင့် ကွင်းဆင်းကြီးကြပ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနများ၏ စာရင်းဇယား၊ သတင်းအချက်အလက်များကို စီမံခန့်ခွဲဆောင်ရွက်မှုအခြေအနေများကို ကြီးကြပ်ကွပ်ကဲရန်လိုအပ်ကြောင်း၊

• စာရင်းဇယား၊ သတင်းအချက်အလက်များကို လက်တွေ့အသုံးချဆောင်ရွက်နိုင်ရေးအတွက် တိကျသေခြာသော စံပြုလုပ်ထုံး လုပ်နည်းများ၊ လမ်းညွှန်များလိုအပ်ကြောင်း၊

• ကျန်းမာရေးသတင်းအချက်အလက် မူဝါဒရေးဆွဲနိုင်ရန်အတွက် အကြံပြုချက်များ၊ အခြေခံအချက်အလက်များ ထွက်ပေါ်လာစေရန် ယခု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွယ်ဌာနများနှင့် INGO / NGO များမှ ပညာရှင်များ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးသတင်းအချက်အလက်) ဒေါက်တာသက်သက်မူ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူများ၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ WHO၊ UNICEF၊ UNFPA UNOPS၊ Jhpeigo နှင့် INGO/ NGO များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

More Tags