ကျန်းမာရေးဝန်ထမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံကုမ္ပဏီတို့ မှ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ပေးအပ်လှူဒါန်းရန် ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများအား ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ငွေကျပ်သိန်း (၅,၀၀၀) တိတိကို မတည် ပေးအပ်လှူဒါန်းလိုသည့် အတွက်လာရောက်တွေ့ဆုံမှုအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


 

ရှေးဦးစွာ AYA SOMPO အာမခံကုမ္ပဏီလီမိတက် မှ အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက -

• မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ငွေကျပ်သိန်း (၅,၀၀၀) တိတိကို မတည်ပေးအပ် လှူဒါန်းလိုပါကြောင်း၊

• မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားသွန် ခွန်စိုက်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီခြင်းဖြစ်ပါကြောင်း၊

• AYA SOMPO အာမခံကုမ္ပဏီလီမိတက်အနေဖြင့် ဧရာဝတီဖောင်းဒေးရှင်းနှင့်အတူ ပူးပေါင်း၍ ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း (၁၀၀၀) ကျပ် တန်ဖိုးရှိသော အသက်ရှူစက်များ၊ တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ပံ့ပိုးလှူဒါန်းခြင်းသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ အမှန်တကယ်လိုအပ်နေချိန်တွင် လိုအပ်သည့် နေရာများသို့ လှူဒါန်းခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊

• ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များကို ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ ဆက်လက်ဆွေးနွေးပြီး အမြန်ဆုံး အကောင်အထည်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး) ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ AYA SOMPO အာမခံကုမ္ပဏီလီမိတက်မှ မန်နေဂျာ ဒေါက်တာစိုပြေအောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags