ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သော '' ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Human Resources for Health Policy Development ) '' ကို ဇူလိုင်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။

     အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊


 

             ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကျင့်မွေးထုတ်ခြင်း၊ အလုပ်ခန့်ထားခြင်း၊ အရည်အချင်းစစ်ခြင်း၊ လုပ်ငန်းခွင်တွင် တည်မြဲစွာ တာဝန်ထမ်းဆောင်နိုင်ခြင်း၊ စဉ်ဆက်မပြတ် ဆေးပညာရပ်သင်ကြားနိုင်ရေးစသည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း၊ မျှမျှတတ ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊   ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများ ရေးဆွဲရာတွင် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေ၍မရပဲ ပြောင်းလဲလာသောလိုအပ်ချက်၊ လုပ်ငန်းခွင်အခြေအနေစသည့် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန် ဆန်းစစ်တီထွင် စဉ်းစားထွေးခေါ်ခြင်း၊ ဖောက်ထွက်တွေးခေါ်ခြင်းစသဖြင့် ဘက်ပေါင်းစုံမှ အမြင်ကျယ်စွာဖြင့် ကြည့်ရှု့ဆွေးနွေးကြပါစေလိုကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်သည် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီး တစ်ခုလုံး၏ အသက်ပမာဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးမည့် အင်အားစုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) Health Workforce Strategic Plan (2018-2021) ကိုလည်း အထူးအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

          မူဝါဒတစ်ခုချမှတ်ရာတွင် လတ်တလောအခြေအနေများနှင့် ကိုက်ညီမှုရှိရန် လိုအပ်သလို အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ မူဝါဒကို အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာ၊ နည်းဗျူဟာများကိုလည်း တစ်ပါတည်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များမှ တဆင့် ပြည်သူတို့အား အရည်အသွေးပြည့်ဝသော ကုသစောင့်ရှောက်မှုများ၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါ၍ ယခုအလုပ်ရုံဆွေးနွေးပွဲသည် ကျန်းမာရေးစနစ်ကြီး တစ်ခုလုံး၏ အနာဂါတ်အတွက်အလွန်အရေးပါကြောင်းပြောကြားသည်။


 

            ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သင်ကြားရေး) ဒေါက်တာတင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို အစီအစဉ်အတိုင်းကျင်းပခဲ့သည်။

             အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဌာနေကိုယ်စားလှယ် ၊ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် (၂၅)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ပြီး Health Workforce Strategic Plan (2018-2021) ရေးဆွဲနိုင်ရေးနှင့် Human Resources for Health Policy အားပြန်လည် သုံးသပ်ရေးဆွဲ နိုင်ရေးတို့ကို ဆွေးနွေးကြမည် ဖြစ်သည်။

 
 

More Tags