ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားကျင်းပ

စစ်တွေ၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/ တိုက်နယ်ဆရာဝန်များအား Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားကို ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနအောက်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် မြို့နယ်ဆရာဝန် တိုက်နယ် ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများကို Mobile Tablet များ ဖြန့်ဝေပေးခြင်းဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမည်ကို ယုံကြည်ပါကြောင်း၊

     ရခိုင်ပြည်နယ်အတွင်း၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း မိခင်ဝန်ကြီးဌာနမှ ထောက်ပံပေးသည့် Mobile Tablet များကို အသုံးပြုပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်များကို ပြည့်ဝစေရန် အကျိုးရှိစွာအသုံးချဖို့လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က အမှာစကားပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် e-Government ဆိုင်ရာလုပ်ငန်းများအနေဖြင့် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ကိုအသုံးပြုပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးသတင်းအချက်အလက် လုပ်ငန်းများကို ယခုထက် ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အားဖြည့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

     Mobile Tablet ဖုန်းများ ဖြန့်ဝေပေးမှုအနေဖြင့် ယနေ့ ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့် တိုက်နယ်ဆရာဝန် (၅၂) ဦးနှင့် အခြေခံကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၇၁၂) ဦးအား ဖြန့်ဝေပေးမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ထိ မြို့နယ်နှင့် တိုက်နယ်ဆရာဝန် စုစုပေါင်း (၄၀၂) ဦးနှင့် အခြေခံကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၀၇၈၄) ဦးအား Mobile Tablet ဖုန်းများ ဖြန့်ဝေ ပြီးဖြစ်ပါကြောင်း၊

     အခြေခံကျန်းမာရေးဝန်ထမ်းများသည် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၊ အသိပညာပေးလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များ၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများအပါအဝင် ရောဂါနှင့် ရောဂါလက္ခဏာဆိုင်ရာ အချက်အလက်များ အစရှိသည့် စာအုပ်စာတမ်း စုစုပေါင်း (၁၂၀) ကျော်ကိုအချိန်နှင့်တပြေးညီ Offline ကိုးကား အသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊

 

     မြို့နယ်ဆရာဝန်များနှင့်တိုက်နယ်ဆရာဝန်များကို ဖြန့်ဝေပေးမည့် Mobile Tablet များတွင် ဆေးတက္ကသိုလ်များ၊ အထွေထွေရောဂါကုဆေးရုံကြီးများ၊ အထူးကု ဆေးရုံကြီးများနှင့် စီမံချက်မန်နေဂျာများ အသီးသီးကပေးပို့လာသည့် ကုသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ စံကုထုံးများအပါအဝင် လက်ရှိအနေနှင့် စာအုပ်စာတမ်းပေါင်း (၅၃၀) ကျော်ကို ထည့်သွင်းပေးထားပါကြောင်း၊ ထို့အပြင် နိုင်ငံဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ မှီငြမ်းဆောင်ရွက်နိုင်ရန် ထည့်သွင်းပေးထားပါကြောင်း၊

 

     ကူးစက်ရောဂါဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ ကြုံတွေ့ရသည့်အခါ၌ဖြစ်စေ၊ ကပ်ရောဂါအသွင်ဖြင့် ရောဂါများဖြစ်ပွားသည့်အခါ၌ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ၌ဖြစ်စေ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ၌ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည့် ပညာရပ်ဆိုင်ရာအကူအညီများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ ဆောင်ရွက်ရန်အချက်များကို Mobile Tablet မှတစ်ဆင့် အချိန်နှင့်တပြေးညီ အကြောင်းကြားနိုင်မှာဖြစ်သည့်အတွက် ရောဂါကာကွယ်တားဆီးနှိမ်နင်းခြင်း လုပ်ငန်းများကို အထူးထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊

 

     မြို့နယ်နှင့်တိုက်နယ်ဆရာဝန်များအနေဖြင့်လည်း Mobile Tablet များကို အသုံးပြုခြင်းအားဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးများ ပိုမိုမြင့်မားလာမှာဖြစ်ပြီး Tele-education ၊ Tele-consultation ၊ Tele-medicine လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်း မိမိတို့ဝန်ကြီးဌာနက ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးလုပ်ငန်းများ (Continuing Medical Education - CME ) အတွက် အဓိက အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။

 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က Mobile Tablet များတွင်ပါဝင်သော စာအုပ်စာတမ်းများ၊ အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

 

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂) များ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း (၁၇၁၂)ဦးနှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ စုစုပေါင်း (၅၂)ဦး ထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့ပါသည်။

     ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းက Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မိတ်ဆက်သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

     အခမ်းအနားအပြီးတွင် တာဝန်ရှိသူများသည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

     အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဇနီး ​ဒေါ်ဝင်းကြည်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ စာရင်းစစ်ချုပ်နှင့် အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်မှ မြို့နယ်နှင့်တိုက်နယ် ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဧည့်သည်တော်များ၊ မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

     ယင်းနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Mobile Tablet အသုံးပြုနည်းသင်တန်းအား ဆက်လက်ပြုလုပ်ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ e-Government ဆိုင်ရာ သင်တန်းဆရာ၊ ဆရာမများက ရှင်းလင်းသင်ကြားခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှင့်တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags