ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

မကွေးမြို့၊ (၂၀၁၈) ခုနှစ်၊ နို၀င်ဘာလ(၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်း (၂၆၆၅)ဦးနှင့် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန် (၈၀)ဦးသို့ Mobile Tablet များ ဖြန့်ဝေ ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားရာတွင် -

• မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် နိုင်ငံတော်၏ မူဝါဒနှင့် အညီ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊

• ယခုကဲ့သို့ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်များနှင့် တိုက်နယ် ဆရာဝန်များအား Mobile Tablet များဖြန့်ဝေပေးခြင်းသည် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ် တားဆီး နှိမ်နင်းခြင်းနှင့် ကုသခြင်း လုပ်ငန်းများတွင် များစွာ အကျိုးရှိထိရောက်စေမည်ဟု ယုံကြည်ကြောင်း၊

• ပြည်သူလူထုများတွင် ရောဂါဘယကင်းဝေပြီး သက်တမ်းစေ့နေနိုင်ခြင်းဖြင့် လူမှုစီးပွားဘဝများ လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊

• နိုင်ငံတော်၏ မူဝါဒများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပိုမို အောင်မြင်စေရန်အတွက် အားလုံးဝိုင်းဝန်း၍ လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဖွင့်အမှာစကားပြောကြားရာ၌ -

• ရောဂါဖြစ်ပွားသူများအား ဆန်းစစ်လေ့လာမှုများပြုလုပ်ရာတွင် -

- အများစုသည် ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို မသိရှိခြင်းနှင့် ရောဂါများ၏ လက္ခဏာများကို မသိရှိခြင်းကြောင်းလည်းကောင်း၊

- အချို့က ကျန်းမာရေးဗဟုသုတရှိသော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင် မှုပုံစံများကို လိုက်နာကျင့်သုံးမှုအားနည်းခြင်းကြောင့် လည်းကောင်း မဖြစ် ပွားသင့်သည့် ရောဂါများဖြစ်ပွားလျက် ရှိပါကြောင်း၊

 

• ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ ကျန်းမာရေးအသိပညာ ပိုမိုမြင့်မားစေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါဖြစ်ပွားစေနိုင်သည့် အချက်များ၊ ရောဂါ လက္ခဏာများ၊ ရောဂါများကို ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက ကုသမှုခံယူရန် အချက်များ စသည်တို့ ပါဝင်သော စာမျက်နှာ (၃၃၀) ကျော်ခန့်ရှိသည့် “ကျန်းမာရေးဆိုင်ရာ စံပြုအချက်များ (standard health messages)” စာအုပ်ကို ပြုစုထုတ်ဝေခဲ့ပါကြောင်း၊

• အဆိုပါစာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ရာတွင် တစ်ပါတည်းယူဆောင် အသုံးပြုရန် အခက်အခဲ ရှိသဖြင့် ပိုမိုလွယ်ကူစေရန်အတွက် ယခုဖြန့်ဝေ သည့် Mobile Tablet များတွင် အဆိုပါစာအုပ်အပြင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများ အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ အသုံးချဆော့ဝဲလ် (application) များ စုံလင်စွာ ပါဝင်ထည့်သွင်း ခဲ့ကြောင်း၊

 

• မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များအတွက် ဖြန့်ဝေမည့် Mobile Tablet များတွင် ဆေးကုသရေးပိုင်းဆိုင်ရာ လက်စွဲစာအုပ်များ၊ မှီငြမ်းရမည့်စာအုပ်များနှင့် သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခကြီးများနှင့် တိုင်ပင်ရေးသားထားသော ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ ပါဝင်ကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet များကို ရွေ့လျားစာကြည့်တိုက်များ သဖွယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊

• ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများတွင်သာမက ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများနှင့် ကပ်ရောဂါအသွင်ဖြင့် ရောဂါများ ဖြစ်ပွားသောအခါများ၌ ညွှန်ကြားချက် များ၊ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရန်အချက်များကို အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားနိုင်မည်ဖြစ်သဖြင့် ရောဂါကာကွယ်တားဆီးနှိမ်နင်းခြင်း လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အထူး ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊

 

• မြို့နယ်ဆရာဝန်များနှင့် တိုက်နယ် ဆရာဝန်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာခြင်းဖြင့် မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ပိုမိုအရည်အသွေးပြည့်ဝသော ကုသမှုများပေးနိုင်မည် ဖြစ်ကာ ပြည်သူများ အနေဖြင့် အလှမ်းဝေးကွာသော မြို့ကြီးများရှိ ဆေးရုံကြီးများသို့ သွားရောက်ကုသမှု ခံယူရန် လိုအပ်မှုနည်းပါးလာမည်ဖြစ်ကြောင်း၊

• ရှေ့လာမည့်နှစ်များတွင် Mobile Tablet များကို အသုံးပြု၍ စာရင်းဇယားနှင့် သတင်း အချက်အလက်များကို ထည့်သွင်းပေးပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ဆေးပညာရပ်စဉ်ဆက်မပြတ် သင်ကြားရေး (continuing medical education) နှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး (continuing professional development) ကိုလည်း Mobile Tablet များကို အသုံးပြု၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းများကို ငွေနှင့် အချိန်ကုန်ကျမှုသက်သာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း၊

 

• ဤကဲ့သို့ Mobile Tablet ဖြန့်ဝေခြင်းဖြင့် ပြည်သူများတွင် ကျန်းမာရေးအသိပညာများ ကြွယ်ဝမြင့်မားလာကာ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများကို လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်းလာကာ နေထိုင်မှု ဘဝအရည်အသွေး (quality of life) လည်း တိုးတက်မြင့်မားလာမည်ဖြစ်၍Mobile Tablet များအတွက် ရင်းနှီးမြုပ်နှံခြင်းသည် ရင်းနှီးမှုပမာဏထက် အဆပေါင်းများစွာပိုမိုသော ကျန်းမာ ရေးဆိုင်ရာ အကျိုး အမြတ်များ ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး အသိပညာမြှင့်တင်ရေးအပါအဝင် လုပ်ငန်းကဏ္ဍများတွင် အားလုံးစုစည်းဝိုင်းဝန်းဆောင်ရွက် ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တို့အား Mobile Tablet များပေးအပ်ခဲ့ပါသည်။

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂)များ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း (၂၆၆၅)ဦးနှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ် ဆရာဝန်များ စုစုပေါင်း(၈၀)ဦး ထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က Mobile Tablet များတွင် ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းတို့မှ Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ မိတ်ဆက် သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

     ယင်းနောက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေက မကွေးတိုင်းဒေသကြီးရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များကို Mobile Tablet များ ပေးအပ်ခြင်းကို ကျေးဇူးတင်ရှိကြောင်းနှင့် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားဖြည့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။

     အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၁၂၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ပြီး၊ မြို့နယ်/ တိုက်နယ် ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ် စာတမ်းပေါင်း (၅၃၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ကာ အဆိုပါ စာအုပ် စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေးကွန်ရက် (online) ဖြင့်အသုံးပြုနိုင်ရုံသာမက ဆက်သွယ်ရေး ကွန်ရက်မရှိဘဲ (offline) ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

 

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် နှင့် တိုက်နယ် ဆရာဝန်များအား ဖြန့်ဝေခဲ့သည့် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည့် Mobile Tablet များတွင် မိုဘိုင်း Sim card များနှင့် Power bank များကိုပါထည့်သွင်းထားပြီး ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေရန်စီစဉ် ဆောင်ရွက်ထား ရှိပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည် ဖြစ်ပြီး ဖြန့်ဝေထားရှိသော Mobile Tablet များ တွင်ပါဝင်သည့် စာအုပ်စာတမ်းများ၊ အသုံးချ ဆော့ဝဲလ်များကို လက်တွေ့ အသုံးချမှု အခြေအနေ၊ အသုံးပြုရန်လွယ်ကူမှုရှိ/မရှိနှင့် အခက်အခဲများကို ဆန်းစစ်လေ့လာမှု များပြုလုပ်၍ ပိုမိုကောင်းမွန်စေရန် မွမ်းမံပြင်ဆင်မှုများ (update) ပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags