ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

မော်လမြိုင်မြို့၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်း (၁၀၁၆)ဦးနှင့် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန် (၄၀)ဦးသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ Mobile Tablet များအား ဖြန့်ဝေပေးခြင်းအပေါ် ကျေးဇူးတင်ရှိ အသိအမှတ်ပြု ပါကြောင်း၊

• မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုများပိုမို လက်လှမ်းမီနိုင်စေရန်နှင့် အချိန်မီကုသမှုခံယူနိုင်ရန်တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးကြိုးပမ်း လုပ်ဆောင်လျက်ရှိပါကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများက စိတ်စေတနာအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသဖြင့် မွန်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာသည်ကို တွေ့မြင်ရပါကြောင်း ပြောကြားခဲ့ ပါသည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာ၌ -

• ပြည်သူများ ကျန်းမာရေးဗဟုသုတနှင့် အသိပညာ မြင့်မား၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်ကောင်းများ ကျင့်သုံးနေထိုင်နိုင်စေရန်နှင့် မှန်ကန်သော စာရင်းဇယားနှင့် သတင်း အချက်များကို အခြေခံ၍ ကျန်းမာရေးစနစ်တိုးတက်စေရန်အတွက် ယနေ့ဖြန့်ဝေမည့် Mobile Tablet များကို အသုံးပြု၍ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊

• Mobile Tablet များကို အသုံးပြု၍ “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မူဝါဒ၊ ဆုံးဖြတ်ချက်၊ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်၊ စံကိုက်လုပ်ထုံး လုပ်နည်းများကို နိုင်ငံတော် အဆင့်မှ အောက်ခြေအထိ ဖြန့်ဝေရေး” ကို လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊

• ရောဂါဖြစ်ပွားသူများအား ဆန်းစစ်လေ့လာမှုများပြုလုပ်ရာတွင် ကျန်းမာရေးအသိပညာနှင့် ကျန်းမာရေးစာတတ်မြောက်မှု နည်းပါးခြင်းကြောင့်လည်းကောင်း၊ ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို မသိရှိခြင်းနှင့် ရောဂါများ၏ လက္ခဏာများကို မသိရှိခြင်းကြောင့် လည်းကောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များကို လိုက်နာရန်မသိရှိခြင်းကြောင့်လည်းကောင်း ရောဂါများ ဖြစ်ပွားသည်များကို တွေ့ရှိရသဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းဖြင့် ပြုလုပ်တော့မည်ဖြစ်ပါကြောင်း၊


 

• ပြည်သူများ ကျန်းမာရေးအသိပညာ ပိုမိုမြင့်မားစေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါဖြစ်ပွားစေနိုင်သည့် အချက်များ၊ ရောဂါလက္ခဏာများ၊ ရောဂါများကို ကြိုတင်ကာကွယ် နိုင်သည့် ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက ကုသမှုခံယူရန် အချက်များစသည်တို့ ပါဝင်သော စာမျက်နှာ (၃၃၀) ကျော်ခန့်ရှိသည့် “ကျန်းမာရေးဆိုင်ရာ စံပြုအချက်များ (standard health messages)” စာအုပ်ကို ပြုစုထုတ်ဝေခဲ့ပါကြောင်း၊

• အဆိုပါစာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ရာတွင် တစ်ပါတည်း ယူဆောင် အသုံးပြုရန် အခက်အခဲ ရှိသဖြင့် အဆင်ပြေလွယ်ကူစေရန်ရည်ရွယ်၍ ယခုဖြန့်ဝေသည့် Mobile Tablet များတွင် အဆိုပါစာအုပ်အပြင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ဝေထားသော လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများ အပါအဝင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ စာအုပ်စာတမ်း များ၊ အသုံးချဆော့ဝဲလ် (application) များ စုံလင်စွာ ပါဝင်ထည့်သွင်းခဲ့ကြောင်း၊

• မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များအတွက် ဖြန့်ဝေမည့် Mobile Tablet များတွင် ဆေးကုသရေးပိုင်းဆိုင်ရာ လက်စွဲစာအုပ်များ၊ မှီငြမ်းရမည့်စာအုပ်များနှင့် သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခကြီး များနှင့် တိုင်ပင်ရေးသားထားသော ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စာအုပ်စာတန်းများပါဝင်ကြောင်း၊


 

• မကြာခင်ကာလအတွင်းတွင် Mobile Tablet များကို အသုံးချ၍ -

- ကျန်းမာရေးစာရင်းဇယားများပေးပို့ခြင်း၊

- အရေးကြီးသော ဆေးဝါးပစ္စည်းများ၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးကာကွယ်ဆေးနှင့် အခြား ကာကွယ်ဆေးများ ပြတ်တောက်မှုမရှိစေရန် ဗဟိုနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နိုင် ခြင်းနှင့်

- ဒေသအလိုက် ရောဂါစောင့်ကြပ်ကြည့်ရှုမှု (sentinel surveillance) အစီရင်ခံစာများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းနှင့် ပြန်လည် တုံ့ပြန်ခြင်းတို့ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊

- ကပ်ရောဂါအသွင် ရောဂါဖြစ်ပွားနိုင်မည့် အခြေအနေ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေ အနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် သက်ဆိုင်ရာနေရာဒေသရှိ ဝန်ထမ်းများမှ ဗဟိုအဆင့်နှင့် တာဝန်ရှိသူများထံသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက် ဆက်သွယ် ဆောင် ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊

- ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များနှင့် လုပ်ဆောင်ရန် အချက်များကို သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးထံသို့ အချိန်နှင့် တပြေးညီ ပေးပို့နိုင်တော့မည် ဖြစ်ပါကြောင်း၊


 

- ဝန်ကြီးဌာနမှ အရေးကြီးသည့် သတင်းများကို သက်ဆိုင်ရာဝန်ထမ်းအားလုံးထံ တစ်ပါတ်လျှင် တစ်ကြိမ်ပေးပို့နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊

• ထို့အပြင် ဆေးပညာရပ်စဉ်ဆက်မပြတ် သင်ကြားရေး (continuing medical education) နှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည်အသွေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး (continuing professional development) ကိုလည်း မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ပေါင်းစပ်ချိတ်ဆက်၍ Mobile Tablet များကို အသုံးပြုကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းများကို ငွေနှင့် အချိန်ကုန်ကျမှု သက်သာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားနိုင်တော့မည်ဖြစ်ကြောင်း၊

• Mobile Tablet များတွင် ပါဝင်သော အကြောင်းအရာ စာအုပ်စာတန်းများကို ဖတ်ရှုလေ့လာခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်လည်း ပညာရပ်ဆိုင်ရာအသိပညာများ ပိုမိုမြင့်မားလာခြင်း၊ ပြည်သူလူထုအား ပိုမိုအရည်အသွေးပြည့်ဝ၍ ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်း ထိုမှတဆင့် ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးမြင့်မားလာခြင်းစသည့် အဘက်ဘက်မှ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊


 

• ပြည်သူများအနေဖြင့်လည်း ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိပညာများ ပိုမိုကြွယ်ဝလာကာ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာရေးအဆင့်အတန်းမြင့်မားရုံသာမက လူမှုရေးနှင့် စီပွားရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂) များ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း (၁၀၁၆)ဦးနှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ် ဆရာဝန်များ စုစုပေါင်း (၄၀)ဦး ထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က Mobile Tablet များတွင် ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းတို့မှ Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မိတ်ဆက်သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။


 

    ယင်းနောက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ကျေးဇူးတင်စကားနှင့် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၁၂၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ပြီး၊ မြို့နယ်/ တိုက်နယ်ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၅၃၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ကာ အဆိုပါ စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေး ကွန်ရက် (online) ဖြင့်အသုံးပြုနိုင်ရုံသာမက ဆက်သွယ်ရေး ကွန်ရက်မရှိဘဲ (offline) ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။


 

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များအား ဖြန့်ဝေခဲ့သည့် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည့် Mobile Tablet များတွင် မိုဘိုင်း Sim card များနှင့် Power bank များကိုပါထည့်သွင်းထားပြီး ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေရန်စီစဉ် ဆောင်ရွက်ထားရှိပါသည်။

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည်ဖြစ်ပြီး ဖြန့်ဝေထားရှိသော Mobile Tablet များတွင် ပါဝင်သည့် စာအုပ်စာတမ်းများ၊ အသုံးချ ဆော့ဝဲလ်များကို လက်တွေ့အသုံးချမှုအခြေအနေ၊ အသုံးပြုရန်လွယ်ကူမှုရှိ/မရှိနှင့် အခက်အခဲများကို ဆန်းစစ်လေ့လာမှုများပြုလုပ်၍ ပိုမိုကောင်းမွန်စေရန် မွမ်းမံပြင်ဆင် မှုများ (update) ပြုလုပ်သွားမည်ဖြစ်ပါသည်။

 
 

More Tags