ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဗဟိုကွင်းဆင်းအဖွဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ ကွင်းဆင်းသွားရောက်၍ အားဖြည့်ဆောင်ရွက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ မေလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ဆေးပညာကျင့်ဝတ်များနှင့်အညီ ခွဲခြားမှုများမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။


 

     ထိုသို့ဆောင်ရွက်ရာ၌ သွားလာရခက်ခဲသော နေရာဒေသများသို့ပါ ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါသည်။ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် လူထုအား ပြန်လည်လက်ခံရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်ကိုလည်း ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းများတွင် ဆေးပေးခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။


 

     ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကို အားဖြည့်ဆောင်ရွက်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်နှင့် ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်တို့ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များသို့ (၂၀-၅-၂၀၁၈) ရက်နေ့နှင့် (၂၁-၅-၂၀၁၈) ရက်နေ့များတွင် သွားရောက်ခဲ့ပါသည်။

     ကွင်းဆင်းအဖွဲ့သည် (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ (၂၁-၅-၂၀၁၈) ရက်နေ့တွင် မောင်တောခရိုင် ပြည်သူ့ဆေးရုံသို့လည်းကောင်း ရောက်ရှိခဲ့ပြီး ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ သွေးလှူဘဏ်ငယ် တည်ဆောက်နေမှုအခြေအနေများနှင့် လူနာဆောင်များ တိုးချဲ့ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် တွေဆုံဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။


 

     (၂၁-၅-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းအဖွဲ့သည် မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ) ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ တိုးချဲ့ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ကာ ပြန်လည်ဝင်ရောက်လာသည့် လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်လည်း လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ပါသည်။


 

     ဆက်လက်၍ လှဖိုးခေါင်ကျေးရွာရှိ ပြန်လည်လက်ခံရေး ယာယီကြားစခန်းတွင် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော လူထုအား ပြန်လည်လက်ခံရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပေးခန်းများ ပြင်ဆင်ထားရှိမှု၊ သားဖွားခန်း စီစဉ်ထားရှိမှုနှင့် ဆေးအဖွဲ့များ အသင့်ပြင်ဆင်ထားရှိမှု စသည်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပါသည်။

     ထို့အပြင် ကွင်းဆင်းအဖွဲ့သည် ခရီးစဉ်အတွင်း မောင်တောဒေသရှိ ကျေးရွာများ၌ ရွေ့လျားဆေးအဖွဲ့များဖြင့် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေး၍ ပံ့ပိုးအားဖြည့်ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags