ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကရင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ဘားအံမြို့၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကရင်ပြည်နယ်အတွင်းရှိ အခြေခံ ကျန်းမာရေး ဝန်ထမ်း (၈၅၇)ဦးနှင့် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန် (၃၇)ဦးသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဖွင့်အမှာစကားပြောကြားရာ၌ -

• ယခု Mobile Tablet များကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ခေတ်နှင့်အညီတိုးတက်ပြောင်းလဲသွားစေမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း စွမ်းဆောင်ရည်များ ပိုမို တိုးတက် ထိရောက် အောင်မြင်လာခြင်း၊ ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားလာခြင်းစသည်ဖြင့် ပြည်သူတို့အတွက် များစွာအကျိုးရှိ စေနိုင်မည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးကဏ္ဍ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် မှန်ကန်တိကျသည့် စာရင်းဇယား အချက်အလက်များရရှိရန် လိုအပ်ပါကြောင်း၊ Mobile Tablet များကို အသုံးချ၍ စာရင်းဇယား အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခြင်း(electronic data transmission)နှင့် ရယူခြင်းတို့ကိုဆောင်ရွက်နိုင်တော့မည့်အပြင် အီလက်ထရောနစ် မှတ်တမ်းစနစ် (electronic database system) ကိုလည်း စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊

 

• Mobile Tablet များကို အသုံးပြု၍ ဆေးနှင့် ဆေးပစ္စည်းစာရင်း ဇယားများကို အီလက်ထရောနစ်စနစ်ဖြင့် မှတ်တမ်းထားနိုင်တော့မည်ဖြစ်ပြီး သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများကလည်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ စသည်တို့မှ ဆေးလက်ကျန် စာရင်းဇယားများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ကာ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သည့်နေရာသို့ ပေးပို့နိုင်မည်ဖြစ်ပါကြောင်း၊

• အီလက်ထရောနစ်စနစ်သုံး သတင်းအချက်အလက်များ ပေးပို့ခြင်းကိုသာမက ဝန်ကြီးဌာနမှ ပြုလုပ်သည့် သုတေသနလုပ်ငန်းများတွင် စစ်တမ်း (survey) ကောက်ယူရာတွင်လည်း အဆိုပါ Mobile Tablet များကို အသုံးချသွားနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံတော်မှလည်း e-Government မူဝါဒ ချမှတ်ဆောက်ရွက်လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုကဲ့သို့ Mobile Tablet များကို အသုံးချ၍ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုများအား ဆန်းစစ်လေ့လာမှုများပြုလုပ်ရာတွင် အထူးသဖြင့် ဝေးလံခက်ခဲဒေသရှိ ပြည်သူများအကြား ကျန်းမာရေးအသိပညာနှင့် ကျန်းမာရေးစာတတ်မြောက်မှု နည်းပါးခြင်း၊ ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို မသိရှိခြင်းနှင့် ရောဂါများ၏ လက္ခဏာများကို မသိရှိခြင်းကြောင့်လည်းကောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များကို မလိုက်နာခြင်းကြောင့် ရောဂါများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• သို့ဖြစ်ပါ၍ ကျန်းမာရေးအသိပညာ ပိုမိုမြင့်မားစေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက စာမျက်နှာ (၃၃၀) ကျော်ခန့်ရှိသည့် “ကျန်းမာရေးဆိုင်ရာ စံပြုအချက်များ (standard health messages)” စာအုပ်ကို ပြုစုထုတ်ဝေခဲ့ပြီး ယခု Mobile Tablet များတွင် ထည့်သွင်းထားရှိပါကြောင်း၊

• Mobile Tablet များကို အသုံးပြု၍ ကျေးလက်တောရွာများအပါအဝင်နေရာ ဒေသများတွင် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်း စသည့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

 

     ကျန်းမာရေးဝန်ထမ်းများ ပိုမိုအရည်အသွေးပြည့်ဝလာခြင်းနှင့် ပြည်သူများ ကျန်းမာရေးအသိပညာမြင့်မားလာခြင်းမှတဆင့် ရောဂါဖြစ်ပွားမှုနည်းပါခြင်းကြောင့် -

- နိုင်ငံ့ဘဏ္ဍာငွေမှ ရောဂါဖြစ်ပွားမှုများအတွက် ရောဂါရှာဖွေမှု၊ ဓာတ်ခွဲစမ်းသပ်မှုနှင့် ကုသမှု စသည့်စရိတ်များလည်း လျော့နည်းလာမည်ဖြစ်သည့် အပြင် အဆိုပါဘဏ္ဍာငွေများကို ခေတ်မီဆေးပစ္စည်းကိရိယာများ ဝယ်ယူနိုင်ခြင်းအပါအဝင် အခြားကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊

- ရောဂါဖြစ်ပွားသူများ၏ မိသားစုဝင်များအနေဖြင့်လည်း လူနာအတွက် စိတ်မချမ်းသာရမှုနှင့် လူနာကို ပြုစုရန် အလုပ်အကိုင်ပျက်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊

 

- Mobile Tablet များတွင် ပါဝင်သည့် စာအုပ်စာတမ်းများကို လေ့လာခြင်း၊ အသုံးချဆော့ဝဲလ်(application)များကို အသုံးချခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး ပိုမိုတိုးတက်လာမည်ဖြစ်ကာ ပြည်သူများကလည်း ၎င်းတို့ကို ပိုမို အားကိုးအားထား ပြုကြမည်ဖြစ်ပါကြောင်း၊

• ထိုသို့ Mobile Tablet များကို အကျိုးရှိထိရောက်စွာ အသုံးချခြင်းဖြင့် အကျိုးပြုစက်ဝန်းကြီး (positive cycle) သဖွယ် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ပြည်သူများ အားလုံးအတွက် အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊

 

     ထို့အပြင် မကြာခင်ကာလတွင် -

- Mobile Tablet များကို အသုံးချ၍ အရေအတွက် များပြားသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများကို တစ်ပြိုင်နက် ပြုလုပ်နိုင်ခြင်း၊

- ကပ်ရောဂါအသွင် ရောဂါဖြစ်ပွားနိုင်မည့် အခြေအနေ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် သက်ဆိုင်ရာနေရာဒေသရှိ ဝန်ထမ်းများမှ ဗဟိုအဆင့်နှင့် တာဝန်ရှိသူများထံသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်၍ အလျင်အမြန်ထိန်းချုပ်နိုင်ခြင်း၊

- ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များနှင့် လုပ်ဆောင်ရန်အချက်များ၊ အရေးကြီးသည့် သိရှိရမည့်အချက်များကို သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးထံသို့ အပတ်စဉ် (သို့မဟုတ်) အချိန်နှင့် တပြေးညီ ပေးပို့နိုင်ခြင်း၊

 

- စာရွက်စာတမ်းများ အသုံးပြုရန်မလိုအပ်တော့ဘဲ အီလက်ထရောနစ်စနစ်ဖြင့် သတင်း အချက်အလက် စာရင်းဇယားများပေးပို့နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊

• သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင် အခြေခံကွန်ပြူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊

• သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ကောင်းမွန်သော ကျန်းမာရေးစနစ်ကို ဖော်ဆောင်နိုင်ပြီး အရည်အသွေး ပြည့်ဝကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမို ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နှုတ်ခွန်းဆက် ကျေးဇူးတင်စကား ပြောကြားရာတွင် -

• နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ ဘဏ္ဍာငွေခွင့်ပြုချထားပေးမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ဆောင်မှုတို့ဖြင့် ယခုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကို Mobile Tablet များပေးအပ်ခြင်းသည် ကရင်ပြည်နယ် ပြည်သူများအတွက် အကျိုးရှိစေမည့် ကိစ္စကြီးဖြစ်သဖြင့် အထူးဝမ်းမြောက်ပါကြောင်း၊

• ယခုကဲ့သို့ လုပ်ဆောင်မှုသည် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် နိုင်ငံတော်အစိုးရ အလေးထားလုပ်ဆောင်ပေးနေမှုများ၏ သက်သေတစ်ခုပင်ဖြစ်ပါကြောင်း၊

• ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် Mobile Tablet များတွင်ပါဝင်သည်များကို လေ့လာအသုံးချခြင်း၊ မျှဝေပေးခြင်းတို့ဖြင့် အကျိုးရှိစွာ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက Mobile Tablet များ ဖြန့်ဝေပေးအပ်ခဲ့ရာ ကရင်ပြည်နယ်အတွင်းရှိ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂) များ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ၏ ကိုယ်စား အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က Mobile Tablet များတွင် ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းတို့မှ Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ မိတ်ဆက် သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

 

     ယင်းနောက် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက ကျေးဇူးတင်စကားနှင့် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အားဖြည့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြား ခဲ့ပါသည်။

     ဝန်ကြီးဌာနသည် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ယခုကရင်ပြည်နယ်တို့ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ စုစုပေါင်း (၈၇၀၀) ဦးခန့် ထံသို့ Mobile Tablet များကို ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

     အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၁၂၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ပြီး၊ မြို့နယ်/ တိုက်နယ် ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ် စာတမ်းပေါင်း (၅၃၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ကာ အဆိုပါ စာအုပ် စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေးကွန်ရက် (online) ဖြင့်အသုံးပြုနိုင်ရုံသာမက ဆက်သွယ်ရေး ကွန်ရက်မရှိဘဲ (offline) ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

 

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် နှင့် တိုက်နယ် ဆရာဝန်များအား ဖြန့်ဝေခဲ့သည့် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည့် Mobile Tablet များတွင် မိုဘိုင်း Sim card များနှင့် Power bank များကိုပါထည့်သွင်းထားပြီး ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေရန်စီစဉ် ဆောင်ရွက်ထား ရှိပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည် ဖြစ်ပြီး ဖြန့်ဝေထားရှိသော Mobile Tablet များ တွင်ပါဝင်သည့် စာအုပ်စာတမ်းများ၊ အသုံးချ ဆော့ဝဲလ်များကို လက်တွေ့အသုံးချမှု အခြေအနေ၊ အသုံးပြုရန်လွယ်ကူမှုရှိ/မရှိနှင့် အခက်အခဲများကို ဆန်းစစ်လေ့လာမှု များပြုလုပ်၍ ပိုမိုကောင်းမွန်စေရန် မွမ်းမံပြင်ဆင်မှုများ (update) ပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags