ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကယားပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အောက်တိုဘာလ (၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကယားပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားရာတွင် -

• အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/ တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်းကို ကယားပြည်နယ်မှစတင်၍ ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

 

• ကျန်းမာရေးဝန်ထမ်းများသည် စိတ်စေတနာ အပြည့်ဖြင့် ဝါယမစိုက်ထုတ်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းကြောင့် ကယားပြည်နယ်၏ ကျန်းမာရေးကဏ္ဍသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့မြင်နေရပါကြောင်း၊

• ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲကာ တက်ညီလက်ညီစွာဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet ဖြန့်ဝေခြင်းသည် -

- အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ပြည်သူ့ကျန်းမာရေး စွမ်းရည်များတိုးတက်မြင့်မားစေရန်၊

- ပြည်သူများကို ကျန်းမာရေး အသိပညာပေးရာ၌ ပိုမိုထိရောက်စေရန်နှင့်

- ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းနေရာမှ ဆောင်ရွက်လျက်ရှိသော မြို့နယ်/ တိုက်နယ် ဆရာဝန်များ၏ ရောဂါကုသရေးစွမ်းရည်များ တိုးတက်မြင့်မားစေရန် ဖြစ်ပါကြောင်း၊

 

• ရှေ့လာမည့်နှစ်များတွင် ဆေးပညာရပ်စဉ်ဆက်မပြတ် သင်ကြားရေး (continuing medical education) နှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး (continuing professional development) ကို ဆောင်ရွက်ရာ၌ Mobile Tablet များကို အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းများ အတွက်ပေးသော Mobile Tablet များတွင် ဝန်ကြီးဌာနမှ ထုတ်ဝေထားသော လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲစာအုပ်များ၊ စာအုပ်စာတမ်းများ၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ အစရှိသည့် စာအုပ်စာတမ်းများ (၁၂၀) ကျော်ပါဝင်ပြီး မြို့နယ်/ တိုက်နယ် ဆရာဝန်များအတွက် ဖြန့်ဝေမည့် Mobile Tablet များတွင် ကုသရေးဆိုင်ရာ ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ၊ လက်စွဲစာအုပ်များ၊ မှီငြမ်းရမည့်စာအုပ်များ စသည့် စာအုပ်စာတမ်းများ (၄၀၀) ကျော်ပါဝင်ကြောင်း၊

 

• ပါဝင်သည့် လုပ်ငန်းလမ်းညွှန်မှစ၍ စာအုပ်စာတမ်းများအားလုံးကို ခေတ်မီနည်းပညာဖြင့် ဗဟိုမှနေ၍ အချိန်နှင့် တစ်ပြေးညီ ပေးပို့ခြင်း၊ ပြင်ဆင်ခြင်းနှင့် ထပ်မံထည့်သွင်းခြင်းများကို ပြုလုပ်မည် ဖြစ်ပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet များတွင် ပါဝင်သော ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လမ်းညွှန်စာအုပ်များ၊ စာအုပ်စာတမ်းများ၊ အသုံးချဆော့ဝဲလ်များကို အသုံးပြုလေ့လာကာ ပြည်သူများကို ပိုမိုအရည်အသွေးပြည့်ဝစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများ ကျန်းမာရေးအသိပညာ ကြွယ်ဝမြင့်မားစေရန် လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊

 

• မြို့နယ်/ တိုက်နယ် ဆရာဝန်များအနေဖြင့်လည်း Mobile Tablet များတွင် ပါဝင်သော ကုသရေးဆိုင်ရာ ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ၊ လက်ဆွဲစာအုပ်များ၊ မှီငြမ်းရမည့်စာအုပ်များ၊ လုပ်ငန်းလမ်းညွှန်များ၊ လမ်းညွှန်စာအုပ်များ၊ စာအုပ်စာတမ်းများ၊ အသုံးချဆော့ဝဲလ်များကို အသုံးပြုလေ့လာ၍ ပြည်သူများကို ပိုမိုအရည်အသွေးပြည့်ဝသော ကုသမှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊

• ဤ Mobile Tablet များသည် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများနှင့် ကပ်ရောဂါအသွင်ဖြင့် ရောဂါများ ဖြစ်ပွားသောအခါများ၌ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရန်အချက်များကို အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်မည်ဖြစ်သဖြင့် ရောဂါများကို အချိန်အနည်းငယ်အတွင်း နှိမ်နင်းနိုင်မည်ဖြစ်ပါကြောင်း၊

 

• မြို့နယ်၊ တိုက်နယ်များတွင် ပိုမိုအရည်အသွေးပြည့်ဝသော ကုသမှုများပေးနိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် အလှမ်းဝေးကွာသော မြို့ကြီးများရှိ ဆေးရုံကြီးများသို့ သွားရောက်ကုသမှု ခံယူရန် လိုအပ်မှုနည်းပါးလာမည်ဖြစ်ကြောင်း၊

• Mobile Tablet များကို အသုံးပြု၍ အင်တာနက်ကွန်ရက်မှတစ်ဆင့် သက်ဆိုင်ရာ ဆေးပညာရပ်ပါမောက္ခများနှင့် ဆေးပညာရှင်ကြီးများ၏ ဟောပြောပို့ချမှုများကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊

 

• ပြည်သူလူထုများ မကူးစက်နိုင်သောရောဂါများအပါအဝင် ကျန်းမာရေးအသိပညာကြွယ်ဝစေရန် Mobile Tablet များကို အသုံးပြု၍ အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရပ်ကွက်ကျေးရွာများတွင် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်၍ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးနိုင်တော့မည် ဖြစ်ကြောင်း၊

• မကြာမီကာလတွင် Mobile Tablet များကို အသုံးပြု၍ အဝေးမှ ဆေးပညာသင်ကြားခြင်း (Tele-education)၊ တိုင်ပင်ဆွေးနွေးခြင်း(Tele-consultation)နှင့် ကုသမှုပေးခြင်း(Tele-medicine) တို့ကိုပါ လုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် မြို့ပြနှင့် အလှမ်းဝေးကွာသော နေရာဒေသများရှိ ပြည်သူများအတွက် အရည်အသွေးပိုမိုပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရုံသာမက ကျန်းမာရေးဝန်ထမ်းများလည်း နောက်ဆုံးပေါ် ကုထုံးများ၊ ဆေးနှင့် ဆေးနှီးနွယ်ပညာရပ်များ စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း၊

 

• Mobile Tablet (၁၃၄၇၇)လုံးကို နိုင်ငံတော်မှခွင့်ပြုဘဏ္ဍာငွေဖြင့် ဝယ်ယူထားရှိခဲ့ပြီး ပုဂ္ဂလိကအဖွဲ့အစည်းများက (၆၅၀)လုံးလှူဒါန်းခဲ့ကာ GAVI အဖွဲ့အစည်း၏ အထောက်အပံ့ငွေဖြင့် (၁၄၀၀၀) လုံးကိုလည်း ထပ်မံဝယ်ယူသွားမည် ဖြစ်ကြောင်း၊

• Mobile Tablet များအတွက် ရင်းနှီးမြုပ်နှံခြင်းသည် ရင်းနှီးမှုပမာထက် အဆပေါင်းများစွာသော ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများအားလုံး စုပေါင်းဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အန္တိမရည်မှန်းချက်ဖြစ်သော ပြည်သူများ အရည်အသွေးပိုမိုမြင့်မားသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့အား Mobile Tablet များပေးအပ်ခဲ့ပါသည်။

 

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော အကြီးအကဲများက လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂)များ၊ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း (၄၁၉)ဦးနှင့် မြို့နယ်/ တိုက်နယ် ဆရာဝန် (၁၇)ဦး ထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့ပါသည်။ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးစိန်က Mobile Tablet များတွင် ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းတို့က Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ မိတ်ဆက်သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

     ယင်းနောက် ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီး၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူ များက အထိမ်းအမှတ် ပြခန်းကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် / တိုက်နယ် ဆရာဝန်များအား ဖြန့်ဝေခဲ့သည့် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည့် Mobile Tablet များတွင် မိုဘိုင်း Sim card များကိုပါ ထည့်သွင်းထားပြီး ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေစေလွယ်ကူစေရန်စီစဉ် ဆောင်ရွက်ထားရှိပါသည်။ အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၁၂၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ပြီး၊ မြို့နယ်/ တိုက်နယ် ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၄၀၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ကာ အဆိုပါစာအုပ်စာတမ်းပေါင်းနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေးကွန်ရက် (online) အသုံးပြုခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်မရှိဘဲ (offline) အသုံးပြုခြင်းဖြင့် အသုံးချနိုင်မည်ဖြစ်ပါသည်။

■  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောကြားသည့်မိန့်ခွန်း

■  အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/ တိုက်နယ် ဆရာဝန်များအား Mobile Tablet များ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း PowerPoint Presentation (၂၁-၁၀-၂၀၁၈)

 
 

More Tags