ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

Union Minister Dr. Myint Htwe receives Ambassador of Denmark to the Republic of the Union of Myanmar H.E. Mr. John Nielsen and the team

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး HE. Mr. John Nielsen ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာ၌ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး HE. Mr. John Nielsen သည် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော Myanmar Diabetes Care Program (MDCP) (2017-2020) ပြီးစီးသောအခါ (2021-2025) ခုနှစ် နောက်ထပ် (၅)နှစ် စီမံကိန်းရေးဆွဲသောအခါ ဆီးချို သွေးချိုရောဂါ ကာကွယ်ကုသရေးလုပ်ငန်းသာမက ဝန်ကြီးဌာနမှ စိတ်ဝင်စားသော၊ လိုအပ်ချက် ရှိနေသော ထောက်ပံ့ကူညီမှုပေးစေလိုသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနယ်ပယ်များကို သိရှိလိုပါကြောင်း၊

 

     သံအမတ်ကြီးနှင့်အတူလိုက်ပါလာသော Novo Nordisk ၏ Country Manager Mr. Michael Chan က Myanmar Diabetes Care Program ဖြင့်ဆောင်ရွက်နေသော ဆီးချို ရောဂါပညာပေးကုသရေးဌာန (Centers of Excellence in Diabetes) များကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးနှင့် နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ် နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် (၂၀၁၉)ခုနှစ်အတွင်း မကွေးဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး နှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတို့တွင်လည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မကွေး ပြည်သူ့ဆေးရုံကြီး၌ ဆီးချိုရောဂါပညာပေးကုသရေးဌာန ဖွင့်လှစ်ပွဲအခမ်းအနားပြုလုပ်သောအခါ ပြည်ထောင်စုဝန်ကြီး တက်ရောက်ချီးမြှင့်ပေးစေလိုပါကြောင်း၊

 

     ဆရာဝန်နှင့်သူနာပြုများကို ဆီးချိုရောဂါအရေးပေါ်ကုသရေး (Emergency Diabetes Management)နှင့် insulin ထိုးဆေးသုံးစွဲပုံသင်တန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆီးချိုလူနာမှတ်ပုံတင်စာရင်း (Diabetes Data Registry Software) ပြုလုပ်သုံးစွဲနိုင်ရေး၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) နှင့်ပူးပေါင်း၍ ဆီးချိုရောဂါ သူနာပြုသင်တန်း (Diabetes Nurse Course) ဖွင့်လှစ်သင်ကြားနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက -

• (၂၀၂၁-၂၀၂၅) ခုနှစ် စီမံချက်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစား၍ ပံ့ပိုးပေးစေလိုသော လုပ်ငန်းကဏ္ဍများအနေဖြင့် လူနာများဘေးကင်းလုံခြုံမှု (patient Safety) နှင့်သက်ဆိုင်သောလုပ်ငန်းကဏ္ဍများ၊ ကျောင်းကျန်းမာရေးစီမံချက်လုပ်ငန်းများ၊ အခြေခံကျန်း မာရေးဝန်ထမ်းပညာရှင်များ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အခန်းကဏ္ဍမြင့်မားရေးလုပ်ငန်း နှင့် မကူးစက်တက်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများဖြစ်ပါကြောင်း၊

• ဖွင့်လှစ်ပြီးစီးသော ဆီးချိုရောဂါပညာပေးကုသဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေကို ပြန်လည်ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊ Novo Nordisk မှပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ပြီး သော ဆီးချိုလမ်းညွှန် Diabetes App သည် အသုံးဝင်အကျိုးရှိပြီး သွေးတိုးရောဂါအတွက် လည်း အလားတူ App များ ပြုလုပ်ပေးစေလိုပါကြောင်း၊ ဆီးချိုရောဂါလူနာမှတ်ပုံတင်စနစ် (Diabetes Registry) စနစ်ရှိပါက ဆီးချိုရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် များစွာ အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာထင်လင်းနှင့် ညွှန်ကြားရေးမှူး(မကူးစက်) ဒေါက်တာကျော်ကံကောင်းတို့ တက်ရောက် ခဲ့ကြပါသည်။

More Tags